လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းနယ်စပ်စခန်းတွေမှာ မြန်မာဒုက္ခသည်တိုးလာ
2023.07.25
မြန်မာနိုင်ငံဘက်ခြမ်းမှာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာ ပြန်စလာတဲ့အတွက် မြန်မာနိုင်ငံသား ကိုးထောင်ကျော် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်မှာရှိတဲ့ မြို့နယ်သုံးခုက ဒုက္ခသည်စခန်း ငါးခုကို ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ဇူလိုင် ၂၅ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာက ရေးသားပါတယ်။
ဒေသခံအာဏာပိုင်တွေရဲ့ ပြောပြချက်အရ မယ်ဆိုင်၊ ခွန်ယမ်၊ မောင် စတဲ့ မြို့နယ်တွေမှာ ဒုက္ခသည် ၉၀၆၄ ဦး လာရောက်ခိုလှုံနေကြပြီး ထိုင်းအာဏာပိုင်တွေက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဒေါနိုးကူး စစ်ဘေးရှောင်စခန်းက ဒုက္ခသည် လေးထောင်ကျော်ဟာ ထိုင်းနိုင်ငံဘက်ခြမ်းထွက်ပြေးနေရပြီး တချို့ဒုက္ခသည်တွေဟာ တောထဲမှာ ခိုလှုံနေရတာကြောင့် အမိုးအကာနဲ့ စားသောက်ဖို့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ကိုဗညား က ပြောပါတယ်။
ထိုင်းဘက်မှာရှိတဲ့ ဒုက္ခသည် ကိုးထောင်ကျော်ဟာ ပြီးခဲ့တဲ့ ဇွန်လက မယ်စဲ့မြို့က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူ ငါးထောင်ကျော်နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရတဲ့ ဒေါနိုးကူးစစ်ဘေးရှောင်စခန်းက လေးထောင်ကျော် ဖြစ်တယ်လို့လည်း ကိုဗညားက ပြောပါတယ်။
ဒီဒုက္ခသည်တွေဟာ မယ်ဆာရီယန်ဒေသက စောဟင်းစခန်းမှာ ၃၄၃၁ ဦးနဲ့ မောင်မြို့နယ်က ဘန်မိုင်နိုင်ဆိုင် စခန်းမှာ ၃၇၇၁ ဦး နဲ့ အများဆုံးခိုလှုံနေကြရပါတယ်။
မယ်ဝိုင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက် ညနေ ခြောက်နာရီက ကရင်နီတပ်မတော် KA နဲ့ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးတာတွေ ရှိတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ နယ်စပ်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ကရင်နီတပ်မတော်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေမှာ FTC- 200G နဲ့ K-8 လေယာဉ်တွေ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ထိုင်းနိုင်ငံနယ်စပ်က စစ်ကောင်စီအခြေစိုက်စခန်းတွေကို တိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီဘက်က ဖိအားပေးပိတ်ဆို့တာ၊ ပြန်လွှတ်တာ၊ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ အပါအဝင် လိုအပ်တဲ့ လက်နက်ရိက္ခာတွေကို ရဟတ်ယာဉ်နဲ့ ပို့ပေးနေတယ်လို့လည်း ထိုင်း-မြန်မာနယ်စပ် ဒေသခံတွေက ပြောပါတယ်။