မြန်မာနဲ့ ကမ္ဘောဒီးယားအလုပ်သမားတွေ အလုပ်လုပ်ခွင့်သက်တမ်းတိုးဖို့ ထိုင်းအစိုးရ သတိပေး
2025.01.22

အလုပ်လုပ်ကိုင်ခွင့်သက်တမ်းကုန်ဆုံးမယ့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ အချိန်မီသက်တမ်းတိုးစာရင်းတင်သွင်းဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီလ ၂၂ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် မြန်မာနဲ့ ကမ္ဘောဒီးယားအလုပ်သမားတွေ အချိန်မီသက်တမ်းတိုးစာရင်းတင်ကြဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတိပေးလိုက်တာပါ။
သက်တမ်းတိုးစာရင်းတင်ထားပေမဲ့ တရားဝင်အလုပ်လုပ်ခွင့် စာရွက်စာတမ်းမရှိသေးတဲ့အတွက် စိုးရိမ်နေကြတယ်လို့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။
"Name List က ထွက်နေပြီ ။ ဒါပေမဲ့ ဘတ်ရိုက်ဖို့မထွက်လာသေးဘူး။ အဲဒီကြားထဲမှာ လုပ်ငန်းခွင်ထဲမှာတော့ အန္တရာယ်မရှိဘူးပေါ့။ အပြင်မှာရောက်မယ်ဆိုရင် အလုပ်လုပ်နေတယ်ပြောလို့မရသေးဘူး။ ပန်းရောင်ကတ်ထွက်ပြီးရင်တော့ ပြောလို့ရပါပြီ"
အလုပ်လုပ်ခွင့်သက်တမ်းတိုးတဲ့လုပ်ငန်းစဉ်ဆောင်ရွက်နေချိန် ဖေဖော်ဝါရီ ၁၃ရက်နေ့ကနေ ဩဂုတ်လ ၁၃ ရက်နေ့အထိ ၆ လနေထိုင်ခွင့် သက်တမ်းတိုးမြှင့်ရရှိမယ်လို့လည်း ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။
သက်တမ်းတိုးဖို့ နာမည်စာရင်းတင်သွင်းတဲ့ကုန်ကျစရိတ်ကို အလုပ်သမားနဲ့အလုပ်ရှင် တစ်ဝက်စီကျခံရတာဖြစ်ပြီး အလုပ်သမားတစ်ဦးအတွက် ဘတ် ၇၀၀၀ ပေးဆောင်ရတယ်လို့ ဆိုပါတယ်။
နိုင်ငံခြားသားအလုပ်သမားတွေကို ဌားရမ်းထားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း သတ်မှတ်ကာလအတွင်း အလုပ်သမားတွေကို သက်တမ်းမတိုးပေးရင် တရားမဝင် အလုပ်သမားတွေအဖြစ် ရောက်သွားမှာဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။
ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူတွေပြောပြချက်အရ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ခုနစ်သန်းကျော်ရှိနေပါတယ်။