သံဖြူဇရပ်မှာ ဆိုင်ကယ်စီးလာတဲ့ မြို့ခံတစ်ဦး ပစ်ခတ်ခံရလို့ သေဆုံး

မွန်ပြည်နယ် သံဖြူဇရပ် ကြံ့ခိုင်ရေးရပ်ကွက် အောင်ဆန်းလမ်းမပေါ်မှာ ဒီဇင်ဘာလ ၈ ရက် မနေ့ည ၈ နာရီခွဲ အချိန်က ဆိုင်ကယ်စီးလာတဲ့ အသက် ၅၁ နှစ်အရွယ် ဦးသားငယ်ကို စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲဝင်တွေက သေနတ်နဲ့ပစ်ခတ်တာကြောင့် သေဆုံးသွားတယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့ Hijet နဲ့ လှည့်သွားတာ ကျွန်တော်တို့ တွေ့တယ်။ သေနတ်သံ ကြားတယ်။ ရပ်ကွက်အုပ်ချုပ် ရေးမှူး ခေါ်ပြောမှ သေတာကို သိရတယ်" လို့ သူက ပြောပါတယ်။

ဦးသားငယ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောဆိုကြပေမယ့် ဒီအချက်နဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုချက် မရရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီနေ့ နေ့လယ်မှာတော့ ဦးသားငယ်ရဲ့ ရုပ်အလောင်းကို ရင်ခွဲရုံကနေတဆင့် ပြန်လည်သယ်ယူပြီး သင်္ဂြိုဟ် လိုက်ကြတယ်လို့ ကူညီလုပ်ဆောင်သူတွေ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ အာဏာသိမ်းပြီးနောက် ဒီဇင်ဘာ ၈ ရက် မနေ့ကအထိ သေဆုံးတဲ့ပြည်သူ ၁၃၁၈ ဦး ရှိပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။