ထန်တလန်မှာ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်နေ

RFA Burmese
2024.10.16
ထန်တလန်မှာ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်နေ ထန်တလန်မြို့တွင် ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၄ အောက်တိုဘာလအတွင်းက တွေ့ရစဥ်။
Citizen Photo

ချင်းပြည်နယ် ဟားခါးမြို့က‌နေ ထန်တလန်မြို့ဘက်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၃ ရက်နေ့ကစလို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ထိုးလာတာကြောင့် ဟားခါးနဲ့ ထန်တလန်ကြားမှာ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ အောက်တိုဘာ ၁၆ ရက် ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဟားခါးနဲ့ ထန်တလန်ကြားက လုံခါရ်တောင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်လည်းက လေကြောင်းပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF-ဟားခါး တပ်ဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဟားခါး-ထန်တလန် လမ်းမကြီးပေါ်က လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းကို ပြန်လည်ရရှိရေး အခုလို ထိုးစစ်ဆင်လာတာလို့ CDF-ဟားခါးရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲက နေ့တိုင်းရှိတယ်။ ဟားခါးမြို့ကိုလည်း တပ်ရင်းတစ်ခုစာ ထပ်ရောက်တာရှိတော့ အခု ထန်တလန်ဘက် စစ်ကြောင်းထိုးတာ အင်အားက များမှာ။ တစ်ရာကျော်ရှိမှာ။ ခြေလျင်နဲ့ သွားတဲ့သူရှိသလို စစ်ကားလေးစီးနဲ့ ပို့တာလည်း ရှိတယ်”

အခုအောက်တိုဘာလအတွင်းမှာပဲ ဟားခါးမြို့ကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ လူအင်အား၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းခဲ့တာလို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက ထန်တလန်မြို့ကို သိမ်းပိုက်နိုင်ဖို့အတွက် ဟားခါး-ထန်တလန် ကြားမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ဇူလိုင်လအတွင်းမှာ ဦးစွာ ဖြတ်တောက်တိုက်ခိုက် သိမ်းပိုက်ထားခဲ့တာပါ။

အဲဒီနောက် ထန်တလန်မြို့ပေါ်က စစ်ကောင်စီ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် လက်ရှိမှာတော့ ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာ နှစ်ခုကျန်သာ ကျန်တော့တယ်လို့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က ပြောပါတယ်။

ထန်တလန်မြို့ကို သိမ်းပိုက်နိုင်ဖို့ ဇူလိုင် ၂၂ ရက်နေ့က စတင်တိုက်ခိုက်နေတာဖြစ်ပြီး စက်တင်ဘာအထိ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က သေဆုံးသူဆယ်ဦးနဲ့ ဒဏ်ရာရသူ သုံးဆယ်ခန့် ရှိနေတယ်လို့ ချင်းအမျိုးသား တပ်မတော် (CNA) ပြောခွင့်ရသူ ဆလိုင်းထက်နီက RFA ကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။