ထန်တလန်မှာ မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ
2024.11.03
ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တို့ နိုဝင်ဘာ ၃ ရက် ဒီနေ့မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ ချင်းတော်လှန်ရေး တပ်ဖွဲ့တွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်ကလည်း နိုဝင်ဘာ ၂ ရက် မနေ့ကစလို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့က ဟားခါးမြို့ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်အင်အား နှစ်ရာကျော်ဟာ ထန်တလန်မြို့ထဲက နေရာတွေမှာ တပ်ဖြန့်ထားတယ်လို့ ချင်းပြည်ကောင်စီမှာပါဝင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDF ဟားခါးအဖွဲ့ရဲ့ ပြောခွင့်ရသူက RFA ကို ပြောပါတယ်။
“မနေ့တုန်းက လေကြောင်းနဲ့ တိုက်တယ်။ ဒီနေ့လည်း လေယာဥ်လာတယ်။ တိုက်ပွဲက ဆက်ဖြစ်နေတယ်။ စစ်ကောင်စီတွေက တပ်ဖြန့်ပြီး ထားတယ်။ ဟားခါးနဲ့ ထန်တလန်ကြား စခန်းတွေမှာလည်း တိုက်ပွဲဖြစ်နေတယ်”
ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့က စတင်တဲ့ ထန်တလန် မြို့သိမ်းတိုက်ပွဲဟာ အချိန် နှစ်လကျော်လာပြီး ထန်တလန်မြို့ပေါ်နဲ့ ဟားခါး-ထန်တလန်ကြားက စစ်ကောင်စီ တပ်စခန်းတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
ဒီတိုက်ပွဲတွေအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဘက်က CDF ထန်တလန် စစ်ဦးစီးချုပ် အပါအဝင် ခြောက်ဆယ်ခန့် သေဆုံးတယ်လို့ CDF ဟားခါးအဖွဲ့က ပြောပါတယ်။
ထန်တလန်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
အောက်တိုဘာ ၂၈ ရက်နေ့က ဟားခါးမြို့နဲ့ တစ်မိုင်ခန့်ဝေးတဲ့ ကိမ်တန် (Kiamtlan) စခန်းကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်တစ်ဦး အပါအဝင် စစ်သုံ့ပန်းလေးဦး ဖမ်းဆီးခံထားရပါတယ်။