သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တားဆီးပေးဖို့ ဗြိတိန်ပါလီမန် အမတ်များ တောင်းဆို

မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာသမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံကို လာရောက်တဲ့အချိန်မှာ အဓိကထား ဆွေးနွေးဖို့ နဲ့ မြန်မာအစိုးရအနေနဲ့ နိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမြန်ဆုံး အရေးယူဖြေရှင်းနိုင်အောင် တိုက်တွန်းပြောကြားပေးဖို့ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ဗြိတိန်ပါလီမန် အမတ်များအဖွဲ့က ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကို တိုက် တွန်းလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ် တာကာလအတွင်း မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေကို ထောက်ခံအားပေးခဲ့သလိုဘဲ နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ဆက်လက် ကျူးလွန် ဖြစ်ပွားနေတာတွေကိုလဲ ဗြိတိန်အစိုးရအနေနဲ့ လျစ်လျူ ရှုမထားသင့်ကြောင်း ၊ ဦးသိန်းစိန်အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ဖို့အတွက် ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးကို အဓိကဆောင်ရွက်ပေးစေ လိုကြောင်း၊ မြန်မာနိုင်ငံတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းရေး နဲ့ ရိုဟင်ဂျာတွေ ရဲ့ နိုင်ငံသားဖြစ်မှု အခွင့်အရေး စတာတွေကို ထည့်သွင်းဆွေးနွေးပေးဖို့လိုကြောင်းလဲ ဖေါ်ပြ ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အဓမ္မ ကလေး စစ်သား စုဆောင်းမှုတွေ ၊ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ် သတ်ဖြတ်မှုတွေ ၊ တိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေးအရ ဖိနှိပ်မှုတွေ ရှိနေဆဲဖြစ်တဲ့အတွက် သမ္မတဦးသိန်းစိန် အနေနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ တိုးတက်ရေးအတွက် အပြောမဟုတ် လက်တွေ့အကောင်အထည်ဖော်ပေးဖို့ တိုက်တွန်းစေလိုတယ်လို့ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ဗြိတိန်ပါလီမန် အမတ်များအဖွဲ့က တောင်းဆိုထားပါတယ်။