သမတသစ်အဖြစ် ဦးသိန်းစိန် တင်မြှောက်ခံရ

ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်ကနေ မြန်မာနိုင်ငံရဲ့ သမတ အဖြစ် စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်ကို ရွေးချယ် တင်မြှောက်လိုက်ပါတယ်။

0:00 / 0:00

ပြီးခဲ့တဲ့နေ့က ရွေးချယ်လိုက်တဲ့ ဒုတိယသမတတွေ ဖြစ်တဲ့ ဦးသိန်းစိန် အပါအဝင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်လောင်း ဦးစိုင်းမောက်ခမ်းနဲ့ ဦးတင်အောင်မြင်ဦးတို့ ၃ ဦးထဲက လျှို့ဝှက် မဲပေးစနစ်နဲ့ ပြည်ထောင်စု လွှတ်တော်က ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက RFA ကို ပြောပါတယ်။

“ရွေးချယ်ပြီးသွားပါပြီ၊ ဦးသိန်းစိန်ပါနော်။ ဒုသမတ နှစ်ဦးကတော့ ဦးတင်အောင်မြင်ဦးက ၁ ပေါ့၊ ၂ က ဒေါက်တာ စိုင်းမောက်ခမ်းပေါ့ဗျာ။ မဲပေးတဲ့အခါကျတော့ လျှို့ဝှက် မဲပေးစနစ်နဲ့ပဲ ခါတိုင်းလိုပဲ ပေးပါတယ်နော်။ အဲဒါကို ကြေညာတာကတော့ ၁ နာရီ ၁၈ မိနစ်မှာ ကြေညာတယ်။”

ဘာကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဦးသိန်းစိန်ကို အစိုးရအသစ်အတွက် သမတရာထူး ရွေးချယ်လိုက်သလဲ ဆိုရင် သူဟာ နအဖ စစ်ရုံးမှာ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးအပိုင်းကို တစိုက်မတ်မတ် လုပ်လာသူ ဖြစ်တဲ့အပြင် အမြဲတမ်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ကို တသွေမတိမ်း နာခံသူ ဖြစ်တယ်လို့ စစ်ရေးလေ့လာသူ ဦးဌေးအောင်က RFA ကို ပြောပါတယ်။

“သူ့ကို ပြန်ကြည့်မယ် ဆိုလို့ရှိရင်ပေါ့နော်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သူနဲ့က တပ်မ ဘဝမှာကတည်းက ဆရာတပည့် ဖြစ်ခဲ့သလို ဒီ စစ်ရုံးချုပ်မှာလည်းပဲ သူ စစ်ဦးစီး ဗိုလ်မှူးကြီး ဖြစ်လာတဲ့ အချိန်ရော၊ နောက် တိုင်းမှူး ဖြစ်လာတဲ့ အချိန်တွေမှာရော၊ စစ်ရေးချုပ် ဖြစ်လာတဲ့ အချိန်တွေမှာရော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သူတို့ကပေါ့လေ၊ တလျှောက်လုံးနီးပါး အတူတူ လက်တွဲ ဆောင်ရွက်လာခဲ့တဲ့ အနေအထားမျိုး ရှိတယ်။”

“နောက်တခုက သူ့ကို ကြည့်မယ်ဆိုလို့ရှိရင်လည်း သူက ဒီ စစ်ဖက်မှာပေါ့နော်၊ တိုက်တဲ့ခိုက်တဲ့ တာဝန်တွေနဲ့ စာရင် ဒီ staff duty လို့ ခေါ်တဲ့ စစ်ဦးစီးတာဝန်တွေကိုပဲ တလျှောက်လုံး ယူလာခဲ့ရတဲ့ အတွက်ကြောင့် သူက စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်မှု အပိုင်းမှာပေါ့လေ၊ ထူးချွန်တယ် ဆိုတဲ့သဘောမျိုး တွေ့ရတာ ရှိတယ်။”

“ဒါကြောင့်မို့လို့လည်းပဲ သူ့ကိုပေါ့လေ၊ ယုံကြည် စိတ်ချတာရော နောက်တခုက သူ့ရဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှု အပေါ်တွေပေါ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကပေါ့လေ၊ ယုံကြည် စိတ်ချတာတွေကြောင့်ရော သမတကြီးအဖြစ်နဲ့ လျာထားပြီးတော့ တာဝန်ပေးတယ်လို့ ကျွန်တော်က ယူဆပါတယ်။”

နောက်ထပ် ကျင်းပမဲ့ လွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၁ ရက် လာမဲ့ အင်္ဂါနေ့ မနက် ၁၀ နာရီကျမှ ပြန်လည် ခေါ်ယူထားကြောင်း သိရပါတယ်။ သမတသစ် ဦးသိန်းစိန်အကြောင်းကို RFA မှ ဦးဇော်မိုးကျော်၊ ဦးဝင်းနိုင်နဲ့ ဦးနေရိန်ကျော်တို့က တင်ပြထားပါတယ်။

သမတသစ် ရွေးချယ်တင်မြှောက်ပုံ

အသံဖိုင်ယူရန်

ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီးတို့၏ ဆက်ဆံရေး

အသံဖိုင်ယူရန်

အသံဖိုင်ယူရန်