လွတ်ရက်စေ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် ဆက်ပြီးဖမ်းဆီးခံထားရ

မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကို ဇွန် ၂၆ ရက်နေ့မှာ ထောင်ဒဏ်လွတ်ရက်စေ့တဲ့နေ့မှာပဲ စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားတယ်လို့ ကိုသက်နှင်းအောင် မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ထောင်ဒဏ်လွတ်ရက်စေ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ထောင်အပေါက်ဝမှာ လာကြိုတဲ့ မိသားစုဝင်တွေ ရှေ့မှာပဲ ပြန်ဖမ်းသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုသက်နှင်းအောင် မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“သူက ၂၆ ရက်နေ့မှာ လွတ်ပြီးတော့ ပြန်ဖမ်းသွားတယ်။ သူတို့ (မိသားစုဝင်) သွားကြိုတာ။ သူတို့ရှေ့မှာတင် ဖမ်းသွားတာ”

အဲဒီနောက်ပိုင်း ကိုသက်နှင်းအောင်နဲ့ ဒီနေ့အထိ အဆက်အသွယ်မရသေးတာကြောင့် မိသားစုဝင်တွေက စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။

အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနပြောခွင့်ရသူ ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ကိုသက်နှင်းအောင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ဘန်ကောက်ရုံးကလည်း ဇူလိုင်လ ၁၂ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် MICS-TUsF ရုံးခန်းနဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။

ဒါကြောင့် ကိုသက်နှင်းအောင်က ထွက်ပြေးတိမ်းရှောင်နေချိန် ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လက ဖမ်းခံခဲ့ရတာပါ။

အဲဒီနောက်မှာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့က အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ်နှစ်အပြင် ငွေဒဏ် ကျပ်နှစ်သောင်းပါ ချခံခဲ့ရတာဖြစ်ပါတယ်။

ကိုသက်နှင်းအောင်ဟာ သထုံမြို့က ဈေးမသွယ်အကျဉ်းထောင်မှာ အကျဉ်းချခံထားရပါတယ်။