ဆိပ်ကမ်းကနေ တစ်နှစ်ကျော်ကြာ ထုတ်ယူခြင်းမရှိတဲ့ ယာဉ်အစီးရေ တစ်ထောင်ကျော်ရှိ
2017.02.13

ပြည်ပကတင်သွင်းလာပြီး သီလဝါဆိပ်ကမ်းမှာ တစ်နှစ်ကျော်ကြာ ရောက်ရှိနေပေမယ့် လာရောက်ထုတ်ယူခြင်း မရှိတဲ့ မော်တော်ယာဉ်အစီးရေ တစ်ထောင်ကျော်ကို နိုင်ငံပိုင် သိမ်းဆည်းသွားမယ်လို့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ က ပြောပါတယ်။
တစ်နှစ်ကျော်ကြာ လာရောက်ထုတ်ယူခြင်းမရှိတဲ့ မော်တော်ယာဉ်တွေကို နိုင်ငံတော်ကို အပ်နှံသွားမှာဖြစ် ပြီး လေလံတင်ဖို့မရှိဘူးလို့ ဆိပ်ကမ်းအာဏာပိုင် ဒုတိယအထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင် က ပြောပါတယ်။
"တစ်နှစ်ကျော်ကြာရင် နိုင်ငံပိုင်သိမ်းခွင့်ရှိတယ် ဘာမှလာမဆက်သွယ်ဘဲနဲ့ တစ်နှစ်ကျော်ကြာရင် နိုင်ငံတော်က သိမ်းတယ်၊ ပြီးရင် နိုင်ငံတော်ရဲ့စီမံခန့်ခွဲမှုအရ ဌာနဆိုင်ရာပေးရင်ပေးတယ်၊ သမ္မတရုံးရဲ့ ညွှန်ကြားချက် အစိုးရ ညွှန်ကြားချက်အရ လုပ်ပေးတယ်"
ဆိပ်ကမ်းကိုရောက်ရှိပြီး နှစ်လကျော်ကြာထုတ်ယူခြင်းမရှိတဲ့ မော်တော်ယာဉ်တွေကို လေလံစာရင်း သွင်းထားပြီး လာရောက်ထုတ်ယူတာတွေရှိရင် လေလံစာရင်းကနေ ပယ်ဖျက်ပြီး ပြန်လည်ထုတ်ပေးတာမျိုးတွေလည်းရှိတယ် လို့ ပြောပါတယ်။
နိုင်ငံပိုင်သိမ်းဆည်းမယ့် မော်တော်ယာဉ်တွေဟာ မော်ဒယ်မြင့် အမျိုးအစားတွေဖြစ်ပြီးအကြောင်း အမျိုးမျိုးကြောင့် တစ်နှစ်ကျော်ကြာတဲ့အထိ လာရောက်ထုတ်ယူခြင်းမရှိတာဖြစ်ပါတယ်။