သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ပထမအကြိမ်ရုံးထုတ်

2022.09.15
သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ပထမအကြိမ်ရုံးထုတ် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေးအတွက် Documentary ရိုက်ကူးရန် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်းမှာ ရှမ်းပြည်နယ်ကို ရောက်ရှိခဲ့သည့် သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို တွေ့ရစဉ်။
Photo: SSPP Info

စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို စက်တင်ဘာ ၁၄ ရက် မနေ့က မရမ်းကုန်းမြို့နယ် တရားရုံးမှာ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက် ရေး ဥပဒေ ပုဒ်မ - ၃၃ နဲ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

"သူ့ကိုမနေ့တုန်းက ရုံးထုတ်တာပေါ့။ ပြီးတော့ အင်းစိန်ထောင်ကို ပြန်ပို့တယ်။ အင်းစိန်ထောင်မှာ ရောက်နေတာက စပြီးအဖမ်းခံရလို့ အမှုဖွင့်ခံရကတည်းက ရောက်နေတာပါ"

သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ စစ်ကောင်စီနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့အကြား နှစ်ဖက် စစ်ရေးတင်းမာနေချိန်မှာပဲ SSPP ဌာနချုပ်ရှိရာ ဝမ်ဟိုင်းဒေသက ဖွံ့ဖြိုးတိုးတက်ရေး ရုပ်သံမှတ်တမ်း သွားရောက် ရိုက်ကူးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသမှာ ပြုလုပ်ခဲ့တဲ့ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုရဲ့သမီး မင်္ဂလာပွဲကိုလည်း ရှမ်းပြည် တပ်မတော်-မြောက်ပိုင်း SSA စစ်ဝတ်စုံ ဝတ်ဆင်ပြီး တက်ရောက်ခဲ့တာပါ။

အဲဒီကအပြန် စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံရဲ့ယဉ်ကျေးမှု နဲ့ မလျော်ညီတဲ့ အပြုမှုတွေ ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တဲ့ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ - ၃၃ နဲ့ စစ်ကောင်စီဘက်က တရားစွဲဆိုထားတာပါ။

သရုပ်ဆောင် သင်ဇာဝင့်ကျော် အဖမ်းဆီးခံရပြီး မကြာခင်မှာပဲ အဖော်အချွတ် မော်ဒယ် တစ်ဦးဖြစ်တဲ့ နန်းမွေစံကိုလည်း စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးခဲ့ပြီး ပုဒ်မ - ၃၃ နဲ့ပဲ တရားစွဲဆိုခဲ့ပါတယ်။

မော်ဒယ်နန်းမွေစံကတော့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က စစ်တရားရုံးမှာ အမှုစစ်ဆေး နေတာ ခံနေရဆဲဖြစ်တာကြောင့် အမှုအသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။