မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ကိုးတောင်ရွာအနီးမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား သုံးဦးအလောင်းကို ဇွန်လ ၁၅ ရက် မနေ့နေ့လယ်ပိုင်းက ဒေသခံတွေ တွေ့ရှိခဲ့ပါတယ်။
သူတို့သုံးဦးဟာ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ သပိတ်ကျင်းမြို့နယ်က အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့သုံးဦးလုံးက သပိတ်ကျင်းမြို့နယ် မြောက်ဘက် ကိုးပင်ရွာအထွက်မှာ တွေ့ရတာပေါ့၊ အလောင်းတွေက ရုပ်ပျက်ဆင်းပျက် ပုံစံတော့မတွေ့ရဘူး။ သေနတ်တွေနဲ့ သေလောက်တဲ့ နေရာတွေကိုပဲ ပစ်သတ်သွားတာပါ။ တွေ့တဲ့အချိန်ကလည်း ပူပူနွေးနွေး ပစ်သတ်ထားတဲ့ ပုံစံပါပဲ"
သေဆုံးသွားတဲ့ အမျိုးသားတွေဟာ လက်ပံကုန်းရွာက ကိုသာတောင်း၊ ဆယ်ဇင်းကုန်းရွာက ကိုဟန်ညွှန့်တို့ဖြစ်ပြီး ကိုးပင်ရွာက အမျိုးသားကိုတော့ အမည်မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဘယ်အဖွဲ့က သတ်ဖြတ်သွားတယ်ဆိုတာကို မသိရသေးသလို ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။
ရုပ်အလောင်းတွေကိုတော့ ဇွန်လ ၁၅ ရက်နေ့ ညနေ ၃ နာရီကျော်က လူမှုကူညီရေးအသင်းတွေ လာရောက်သယ်ဆောင်သွားပြီး သပိတ်ကျင်းမြို့နယ်ရဲ့ ကြာညှပ်တိုက်နယ်ဆေးရုံမှာ ရင်ခွဲစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်း ထားတဲ့ နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝန်းမှာ အရပ်သားပြည်သူ ၃,၆၆၂ဦး သေဆုံးခဲ့ရပြီး၊ ၂၃,၃၅၀ ဦး ဖမ်းဆီးခံထားရကာ၊ ၆,၃၈၉ ဦး ထောင်ဒဏ်ချမှတ် ခံထားရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။