ကိုးကန့်အဖွဲ့က ဖမ်းဆီးသွားတဲ့ ရွာသား ၃ ဦး ထွက်ပြေးလာ

MNDAA ကိုးကန့် အဖွဲ့က ဇန်နဝါရီလ ၆ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရွာသားတွေထဲက ကျန်ကျာကျိုင်း ရွာသူကြီးအပါအဝင် ၃ ဦးဟာ ဇန်နဝါရီလ ၉ ရက်နေ့ ညပိုင်းမှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ မနက်ပိုင်းမှာ ကိုးကန့်အဖွဲ့က မြောင်ဇီးတိုင်းရင်းသားတွေနေထိုင်တဲ့ ကွမ်လုံမြို့နယ် ဖာဖိန်အုပ်စု ကျန်ကျာကျိုင်းရွာအတွင်း ဝင်ရောက်လာပြီး သူကြီးနဲ့ ရွာသားသုံးယောက်ကို လမ်းပြအနေနဲ့ ခေါ်ဆောင်သွားခဲ့သလို အနီးအနားရွာဖြစ်တဲ့ တာချောက်တီးရွာသား ၄ ဦးနဲ့ သံလွင်မြစ် အစွန်ဘက်ဝရွာတွေက ရွာသား ၉ ယောက် အပါအဝင် စုစုပေါင်းရွာသား ၁၆ ယောက်ကို ခေါ်ဆောင်သွားတာလို့ ထွက်ပြေးလာတဲ့ ရွာသားတွေက ပြောပါတယ်။

ထွက်ပြေးလာတဲ့ ကျေးရွာသူကြီးကတော့ သူတို့ကို ပစ္စည်းထမ်းဖို့ဆိုပြီး ခေါ်သွားတာဖြစ်ပြီး နှစ်ရက်လောက် လမ်းလျှောက်အပြီး မိုးတွေရွာတဲ့အချိန် သံလွင်မြစ်အနီး လှေစောင့်နေတုန်း ထွက်ပြေးလာကြတာလို့ ပြောပါတယ်။

ကျန်ရှိနေတဲ့သူတွေ လွတ်မြောက်ရေးအတွက် တပ်မတော်ဘက်ကအဖမ်းခံရသူတွေအမည်စားရင်းပြုစုပြီး ပြန်လွှတ်ပေးဖို့ ကိုးကန့်အဖွဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကိုစာပို့မယ်လို့ ဒီနေ့ထွက်ပြေးလာသူတွေနဲ့တွေ့ဆုံချိန် ကွမ်းလုံအခြေချအမှတ် ၂ စစ်ဗျူဟာမှူးက ပြောကြားခဲ့ကြောင်းတွေ့ဆုံရာမှာပါဝင်တဲ့ ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးယန်ကျင်းကန်က RFA ကိုပြောပါတယ်။

လွတ်မြောက်ဖို့ရွာသား ၁၃ ယောက်လောက် ကျန်နေသေးတယ်လို့ ထွက်ပြေးလာတဲ့ ကျေးရွာသူကြီးက ပြောပါတယ်။

ကိုးကန့်အဖွဲ့က အခုလိုကျေးရွာအတွင်း ဝင်ရောက်ပြီး ရွာသားတွေကို ခေါ်ဆောင်တာကြောင့် ဖာဖိန်အုပ်စု ကျန်ကျာကျိုင်း၊ ယူချန်၊ ကျူကွေလီ၊ မန်ဟွယ်စတဲ့ ရွာတွေက မြောင်ဇီးတိုင်းရင်းသား အိမ်ထောင်စု ၈၀ ကိုးကန့်တိုင်းရင်းသားအိမ်ထောင်စု ၁၁ စုစုပေါင်းလူဦးရေ ၄၆၁ ဦးဟာ ဇန်နဝါရီလ ၆ ရက်နေ့ ညနေပိုင်းလောက်မှာ ဟိုလီကျေးရွာကို ထွက်ပြေးလာကြတာဖြစ်ပါတယ်။

ကျေးရွာသားတွေ ခေါ်ဆောင်သွားခံရတာနဲ့ ပတ်သက်ပြီး MNDAA ကိုးကန် တပ်ဖွဲ့ကို ဖုန်းနဲ့ဆက် သွယ်မေးမြန်းတာမှာ ပြန်လည်ဖြေကြားတာမရှိပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။