ထီးချိုင့်မှာ စစ်ကြောင်းထိုးလို့ ဒေသခံနှစ်ထောင်ကျော် ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်က ဖုန်ကုန်းလေး၊ စပ်စား၊ ဇီးကုန်း၊ ကျောက်မှော်နဲ့ မြတောင်ရွာတွေကို ဧပြီလ ၅ ရက်ကစပြီး စစ်ကောင်စီတပ်သား အင်အား ၇၀ ခန့်ပါ စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဒေသခံနှစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၅ ရက်မနက်ပိုင်း မြတောင်ရွာဘက်ကို စစ်ကြောင်းတစ်ကြောင်းနဲ့ ကျောက်မှော်ရွာဘက်ကို စစ်ကြောင်းတစ်ကြောင်းခွဲပြီး ရွာတွေထဲစီးနင်းခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးချိုင့်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“စစ်ကြောင်းက ရွားအနီးနားတွေမှာပဲရှိသေးတယ်။ တောထဲမှာပဲ နေရတာပေါ့။ ရွာမှာမနေကြရတာလည်း ကြာပါပြီ။ ရာသီဥတုကလည်းပူတော့ ကလေးတွေမှာ ရေကျောက်လို အဖုတွေပေါက်တယ်။ ဖျားနားတယ်။ ရွာထဲကို ပြန်မဝင်ရဲ သလောက်ဖြစ်နေတာ။ ရွာထဲမှာနေတဲ့သူတွေကလည်း စစ်ကြောင်းလာရင် ပြန်ထွက်ပြေး အဲလိုဖြစ်နေကြတာ"

စစ်ဘေးဒုက္ခသည်တွေဟာ ဆေးဝါးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရပြီး ဆေးကုဖို့လည်း လက်လှမ်းမမီဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကလည်း အဲဒီရွာတွေအနီးနားမှာ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရပြီး ဧပြီလနောက်ဆုံးအပတ်မှာ မြေပြင်ရော၊ လေကြောင်းကပါ ထိုးစစ်ဆင်လာလို့ ဒေသခံတွေ ထွက်ပြေးခဲ့ရပါတယ်။

ထီးချိုင့်မြို့နယ်ထဲကရွာတွေမှာ စစ်ကြောင်းဝင်လာချိန်ထွက်ပြေးလိုက် ရွာထဲ ပြန်နေလိုက်ဖြစ်နေတဲ့ ယာယီစစ်ဘေးဒုက္ခသည်တွေရှိသလို ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရတဲ့ရွာတွေက ဒေသခံတွေကတော့ နေစရာမရှိတဲ့အပြင် နေရပ်ပါ စွန့်ခွာခဲ့ရတာကြောင့် အမြဲတမ်းစစ်ဘေးဒုက္ခသည်တွေ ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေအသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီးဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ မေလ ၆ ရက်ဒီနေ့ ထုတ်ပြန်ချက်အရ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ခုနှစ်သိန်းခွဲနီးပါးအထိ ရှိလာပြီဖြစ်ပါတယ်။