ထီးလင်းမှာ လေကြောင်းက ဗုံးကြဲလို့ တစ်ဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရ

RFA Burmese
2024.10.23
ထီးလင်းမှာ လေကြောင်းက ဗုံးကြဲလို့ တစ်ဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရ ထီးလင်းမြို့နယ် အိုင်မကျေးရွာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ရက်နေ့က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခံရပြီး အပျက်အစီးများအား တွေ့ရစဉ်။
Citizen Photo

မကွေးတိုင်း ထီးလင်းမြို့နယ် အိုင်းမရွာကို အောက်တိုဘာလ ၂၂ ရက်နေ့ မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၅၀ အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး ဒဏ်ရာရသူတွေ ရှစ်ဦးထဲမှာတော့ ကလေး သုံးဦးနဲ့ အမျိုးသမီး ငါးဦး ပါဝင်ပါတယ်။

အိုင်းမရွာက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးပေးခန်းတွေကို ဗုံးကြဲချချိန် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်တာလည်း မရှိဘူး၊ သက်သက် လာကြဲတာပေါ့။ အခုလထဲမှာ ကျွန်တော်တို့ဘက်ကို ခဏခဏ လာကြဲနေတာ။ မပေါက်ကွဲသေးတဲ့ ဗုံးသီး သုံး‌လုံးလောက် ရှိနေသေးတယ်။ အိုင်းမရွာနားမှာလေ၊ ကျွန်တော်တို့လည်း မထိရဲတော့ သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့တွေကို အကူအညီတောင်းထားပါတယ်”

ဒီတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် ရှစ်လုံးထက်မနည်း ပျက်စီးခဲ့ပြီး တိရစ္ဆာန်တချို့လည်း သေဆုံးတယ်လို့ သူကပြောပါတယ်။

ကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အောက်တိုဘာလ ၅ ရက်နေ့ကလည်း ထီးလင်းမြို့နယ်၊ ကျင်းရွာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ရှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။