NUG ကို တရားဝင်ဖိတ်ကြားခဲ့တဲ့ အရှေ့တီမောကို စစ်ကောင်စီကန့်ကွက်

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့တရားဝင် အစိုးရအဖြစ် အရှေ့တီမောနိုင်ငံက ဖိတ်ကြားပြီး အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲ တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း စစ်ကောင်စီက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ရန်ကုန်မှာရှိတဲ့ အရှေ့တီမောနိုင်ငံ သံရုံးယာယီတာဝန်ခံကို နေပြည်တော်ခေါ်ပြီး နောက်ထပ်ဒီလိုကိစ္စတွေ ဆက်မလုပ်ဖို့ သတိပေးခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

NUG အစိုးရကို စစ်ကောင်စီဘက်က အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတာကြောင့် ဒီလိုဖိတ်ခဲ့တဲ့လုပ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ်ကို အားပေးအားမြောက်လုပ်ရာရောက်သလို၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး နိုင်ငံတကာစာချုပ်တွေကို ဖျိုးဖောက်တာလို့ စစ်ကောင်စီက ဝေဖန်ပါတယ်။

NUG အစိုးရကလည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာဖြစ်ပါတယ်။

အရှေ့တီမောရဲ့ အစိုးရ ကျမ်းကျိန်ပွဲကို စစ်ကောင်စီရဲ့ သံတမန်ကို လုံးဝဖိတ်ကြားခြင်းမရှိဘဲ NUG အစိုးရ ကိုယ်စားလှယ်တွေကိုပဲ ဖိတ်ကြားခဲ့တာပါ။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အဖွဲ့တက်ရောက်ခဲ့ပြီး သမ္မတဟိုဆေးရာမို့စ်ဟော်တာနဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပါတယ်။

အရှေ့တီမောနဲ့ NUG အစိုးရတို့ပေါင်းပြီး နိုင်ငံတကာစာမျက်နှာမှာ ဘယ်လိုအလုပ်လုပ်ကြမလဲ၊ မြန်မာပြည်သူတွေရဲ့ အခက်အခဲတွေ နိုင်ငံတကာကို ဘယ်လိုသတင်းစကားပေးကြမလဲဆိုတာ ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။

အရှေ့တီမောရဲ့ တရားဝင်ဖိတ်ကြားခံရတာဟာ NUG အစိုးရအတွက် သံတမန်အောင်ပွဲတစ်ရပ်လို့ နိုင်ငံရေးလေ့လာသူတွေက ရှု့မြင်ကြပါတယ်။