မြန်မာကို ဘာကြောင့် ယူကရိန်းလို မကူညီသလဲလို့ အရှေ့တီမောသမ္မတ မေးခွန်းထုတ်

2022.09.23
မြန်မာနိုင်ငံကပြည်သူတွေကို ယူကရိန်းလို ဘာကြောင့် မကူညီသလဲဆိုပြီး အရှေ့တီမောနိုင်ငံ သမ္မတ Mr. José Ramos-Horta (ဟိုဆေးရာမို့စ်ဟော်တာ)က ဒီကနေ့ ကုလသမဂ္ဂညီလာခံကနေ မေးခွန်းထုတ်လိုက်ပါတယ်။
"မြန်မာနိုင်ငံက ပြည်သူတွေဟာ နိုင်ငံတကာရဲ့ ပစ်ပယ်ခြင်းခံထားရတယ် သစ္စာဖောက်ခံထားရတယ်လို့ ခံစားနေကြပါတယ်။ ကမ္ဘာကြီးက ယူကရိန်းနိုင်ငံကို ခေတ်မီစစ်လက်နက် ပစ္စည်းတွေ၊ ဒုက္ခသည် အရပ်သားတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရက်ရက်ရောရော ကူညီပေးနေတာကို မြန်မာပြည်သူတွေက မေးခွန်းထုတ်နေပါတယ်။ ဘာကြောင့် မြန်မာပြည်မှာ ဖြစ်နေတဲ့ စစ်ပွဲကိုကြတော့ တိတ်ဆိတ်နေသလဲဆိုတာ မေးနေကြပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေဟာ ဆက်လက်တိုက်ပွဲဝင်နေပါတယ်။ ဆက်လက်အသေခံနေကြပါတယ်"
မြန်မာပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေး တည်ငြိမ်ရေးကိုလည်း ထိခိုက်လာနိုင်သလို ပိုပိုဆိုးလာနိုင်တယ်လို့လည်း စက်တင်ဘာလ ၂၃ ရက် ဒီကနေ့ ညီလာခံတွင်းပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။
မြန်မာတပ်မတော်အနေနဲ့ ပြည်ပကျူးကျော်ရန်ကာကွယ်နေတယ်ဆိုတဲ့ စကားလုံးနဲ့ ဆင်ခြေပေးနေလို့ မရဘူးလို့လည်း သူက ပြောပါတယ်။
"ယူကရိန်းပဲမှာဖြစ်စေ၊ မြန်မာမှာပဲ ဖြစ်စေ၊ တခြားကမ္ဘာပေါ်ကနိုင်ငံမှာပဲဖြစ်စေ ဖြစ်နေတဲ့ ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်အားလုံး တွေ့ဆုံ ဆွေးနွေးရမှာဖြစ်ပါတယ်။ မြန်မာတပ်မတော် အနေနဲ့ ပြည်ပကျူးကျော်ရန်ကို ကာကွယ်နေတာလို့ ဆိုတဲ့ စကားနဲ့ အကြောင်းပြ ဆင်ခြေပေးနေလို့ မရပါဘူး "

သမ္မတ ဟိုဆေးရာမို့စ်ဟော်တာဟာ ဒေါ်အောင်ဆန်းစုကြည်လိုပဲ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တစ်ဦးလည်းဖြစ်ပါတယ်။  အရှေ့တီမောဟာ ကုလသမဂ္ဂမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတဲ့ နိုင်ငံငယ်လေးဖြစ်လာပါတယ်။
ဒီတစ်ခေါက် ၇၇ ကြိမ်မြောက်ကုလသမဂ္ဂညီလာခံမှာ ယူကရိန်းကို ကျူးကျော်စစ်ထိုးခဲ့တဲ့ ရုရှားနိုင်ငံရဲ့ လုပ်ရပ်ကို နိုင်ငံတော်တော်များများက အဓိကထား ဝေဖန်ရှုတ်ချခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)ကလည်း မြန်မာနိုင်ငံကို ဘာကြောင့်ယူကရိန်းလို အကူအညီမပေးတာလဲလို့ မေးခွန်းထုတ်နေသလို ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေ အနေနဲ့ မြန်မာ့အရေး ထိရောက်တဲ့ အရေးယူဆောင်ရွက်တာတွေ လုပ်ဖို့ ကျယ်ကျယ်လောင်လောင် တိုက်တွန်းနေပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။