ကြားဖြတ်တိုက်ပွဲမှာ စစ်ကောင်စီ တပ်သား သုံးဦးသေဆုံးဟု TNLA ပြော
2023.07.27
ဇူလိုင်လ ၂၆ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး - သီပေါ ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ကား ရှစ်စီးပါ စစ်ကောင်စီယာဉ်တန်းကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်သား သုံးဦး သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်းနဲ့ စစ်ကောင်စီဘက်က ကားတစီးလည်း ပျက်စီးသွားခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။
“စစ်တပ်ဘက်ကတော့ ယာဉ်တန်းနဲ့လာတာပေါ့နော် ယာဉ်တန်း ရှစ်စီးမှာ တစ်စီးကတော့ လက်နက်ကြီး ထိမှန်ပြီးတော့ ပျက်စီးသွားတယ် အလောင်း သုံးလောင်းနဲ့ ဒဏ်ရာရသူ ငါးဦးလောက် ရှိတယ်လို့ သတင်း ရရှိထားတယ်”
လားရှိုးမြို့ကနေ သီပေါဘက်ကို စစ်ကောင်စီ ယာဉ်တန်း ထွက်ခွာလာချိန်အတွင်း မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲမှာ TNLA ဘက်ကတော့ ထိခိုက်ကျဆုံးတာမရှိဘူးလို့ သူက ပြောပါတယ်။
အခုလို TNLA ကပြောတဲ့ ထိခိုက်သေဆုံးသူစာရင်းကို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့ကနေ ၂၅ ရက်နေ့အတွင်း မူဆယ်မြို့နယ် နန့်မွန်ဆိုက်ခေါင် ရွာထဲကို စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရွာသားတွေ ထွက်ပြေးတိမ်ရှောင်ခဲ့ရကြောင်းနဲ့ အဲဒီပစ်ခတ်မှုမှာ ကျေးရွာသား ၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတချို့ရှိကြောင်း၊ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ မနက်ကလည်း လာရှိုးမြို့ ဆယ်မိုင်ကုန်းမှာ ရှိတဲ့ TNLA တပ်စခန်းကို စစ်ကောင်စီက MI 35 လေယာဉ်နဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရသေးကြောင်းလည်း သူက ပြောပါတယ်။
အခုလိုတိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိမ်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဇွန်နဲ့ ဇူလိုင်လတွေကစပြီး စစ်ကောင်စီတပ်နဲ့ TNLA၊ ကိုးကန့် MNDAA တပ်ဖွဲ့တွေ နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။