စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သီပေါမြို့နယ်က သီလရှင်တစ်ပါး ပျံလွန်၊ နှစ်ဦး ဒဏ်ရာရ
2024.10.09
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အောက်တိုဘာ ၉ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီက အောက်တိုဘာ ၈ ရက်နေ့ ည ၁၀ နာရီကျော်မှာ သီပေါမြို့နယ် နမ့်ငုံကျေးရွာနဲ့ ရပ်ကွက်သုံးခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ နမ့်ငုံကျေးရွာ ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့ဗုံးကြောင့် သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ TNLA က ပြောထားပါတယ်။
ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်မြိုရပ်ကွက်၊ ပန်တိမ်တောင်ရပ်ကွက်နဲ့ အုတ်ကျင်းရပ်ကွက်က ဒေသခံနေအိမ် ၁၀ လုံးကျော်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ အောက်တိုဘာ ၉ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ရွှေကျောင်းရပ်ကွက်နဲ့ ပန်တိမ်တောင်ရပ်ကွက်တွေထဲကို ဗုံး ၁၀ လုံးလာရောက်ကြဲချခဲ့တာကြောင့် ရွှေကျောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရတာနဲ့ နေအိမ်တွေ ပျက်စီးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၁ ခုနှစ်အတွင်း အရပ်သား ၆၃ ဦးသေဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ်အနှစ်အတွင်း ၂၆၀ ဦး သေဆုံးခဲ့ကြောင်းနဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ အရပ်သား ၆၁၃ ဦး သေဆုံးခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဥာဏ်လင်းသစ်သုတေသနအဖွဲ့က ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒီစာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေဟာ နှစ်စဉ်တိုးလာနေပါတယ်။
၂၀၂၄ ခုနှစ်ထဲမှာဆိုရင် ဇန်နဝါရီလကနေ ဩဂုတ်လအထိ ရှစ်လတာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့ အရပ်သား ၈၁၃ ဦး အထိ ရှိနေပြီလို့လည်း ဥာဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။