TNLA သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့ ထပ်မံဗုံးကြဲခံရ

RFA Burmese
2024.10.31
TNLA သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့ ထပ်မံဗုံးကြဲခံရ လေကြောင်းတိုက်ခိုက်ခံရသည့် ကွတ်ခိုင်မြို့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းက တွေ့ရစဉ်။
Citizen Photo

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို နိုဝင်ဘာလ ၁ ရက် ဒီနေ့မနက် အစောပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် TNLA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနက် သုံးနာရီခန့်မှာ မြို့အထွက်မှာရှိတဲ့ အခွန်ရုံးနဲ့ မီးသတ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးတွေ ရှိနေတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်သွားတာလို့ ကွတ်ခိုင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနက် သုံးနာရီကျော်လောက် လူတွေအိပ်မောကျနေတဲ့အချိန် လာပစ်တာ။ မြို့အထွက်မှာ ဌာနဆိုင်ရာရုံး တွေရှိတယ် အဲဒီမှာလာပစ်တာ။ အခွန်ရုံးမှာ TNLA တပ်သားတစ်ယောက် သေသွားတယ်။ ဆရာဦးလှမိုး ခြံထဲမှာ ပေါင်ငါးရာနဲ့ ချသွားတာ”

ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့က ကွတ်ခိုင်မြို့ မြို့မဈေးနဲ့ မြို့ပေါ်နေရာတချို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ခြောက်ဦးသေဆုံးပြီး ဆိုင်ခန်း လေးရာကျော် ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

အဲဒီနောက်ပိုင်း သုံးလနီးပါး ကြာတဲ့အချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံတိုက်ခိုက်လာတာလို့ နောက်ထပ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လေကြောင်းကနေ လာမပစ်တာကြာပြီ။ ဟိုတစ်ခါ ဈေးကို ဗုံးကြဲပြီးနောက်မှာ အခုမှ ပြန်လာကြဲတာ။ ဒီတစ်ခါက မြို့အထွက်ဘက်ဆိုတော့ အရပ်သားတွေတော့ ထိခိုက်တာ မရှိဘူး။ ဒီလိုလာလုပ်နေရင်တော့ မြို့ထဲမှာ နေထိုင်ဖို့ အတော်ခက်မှာပဲ”

လေကြောင်း တိုက်ခိုက်မှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကွတ်ခိုင်မြို့ကို TNLA နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။