မုန်တိုင်းသင့်ရခိုင်ပြည်သူတွေကို ကူညီကြဖို့ မြောက်ပိုင်းလက်နက်ကိုင်နှစ်ဖွဲ့ တောင်းဆို

မိုခါမုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ရခိုင်ပြည်သူတွေကို အရေးပေါ်အကူအညီနဲ့ ပြန်လည်ထူထောင်ရေး အကူအညီတွေ ပေးကြဖို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) တို့က နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်သူတွေ ပိုမိုဆိုးရွားတဲ့ အခြေအနေမရောက်ဖို့ အရေးပေါ်အကူအညီတွေ လိုအပ်တယ်လို့ မေလ ၁၇ ရက်နေ့ကထုတ်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မုန်တိုင်းဒဏ်ကြောင့် အသက်ဆုံးခဲ့ရသူတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းလည်း ဆိုပါတယ်။

မေလ ၁၄ ရက်နေ့က တိုက်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်နဲ့ ပလက်ဝမြို့နယ်တွေမှာ စစ်ရေး တိုက်ခိုက်မှုတွေကြောင့်လည်း အခြေခံ အဆောက်အဦနဲ့ အုပ်ချုပ်ရေးစနစ်တွေ ပျက်စီးနေတာကြောင့် ပိုပြီး အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စာရင်းတွေအရ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း သေဆုံးသူ ၄၃၅ ဦး ရှိနေပြီဖြစ်ပါတယ်။