ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ပြီး အချင်းချင်းကြား တိုက်ပွဲတွေမဖြစ်ဖို့ သဘောတူခဲ့ကြတယ်လို့ အောက်တိုဘာ ၈ ရက် ဒီကနေ့ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး မဟာမိတ်နှစ်ဖွဲ့ကြား သဘောတူထားတဲ့ အချက်တွေကိုစောင့်ထိန်းဖို့၊ တော်လှန်ရေးအမြန်အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ ဒီကနေ့ ကြေညာချက်မှာ ပါရှိပါတယ်။
အချင်းချင်း နားလည်မှုလွဲမှားတာကြောင့် တိုက်ပွဲပဋိပက္ခတွေ ဖြစ်ခဲ့တာသာဖြစ်ပြီး၊ အပြန်အလှန် နောက်ထပ်သင်ပုန်းချေတာတွေ မလုပ်ဖို့၊ ပြဿနာတွေရှိလာရင် အချင်းချင်းတွေ့ဆုံဆွေးနွေးရေးနဲ့သာ ဖြေရှင်းဖို့လည်း သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကိုမေးမြန်းရာမှာတော့ ဒီထုတ်ပြန်ချက်အတိုင်း သဘောတူညီမှုရခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။ SSPP ဘက်ကိုတော့ မေးမြန်းလို့မရသေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က ရှမ်းပြည်နယ် ကွက်ခိုင်မြို့နယ်၊ မိုင်းယုလေးဒေသမှာ TNLA နဲ့ SSPP တို့ကြား တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပါတယ်။
TNLA နဲ့ SSPP အဖွဲ့တွေဟာ UWSA “ဝ” တပ်ဖွဲ့ ဦးဆောင်ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုမှာ ပါ၀င်ကြသလို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်းဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ TNLA တပ်တွေကြားလည်း ပြီးခဲ့တဲ့ လပိုင်းကစပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။