စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့အကြား တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ရရှိခဲ့တဲ့ အပစ်ရပ်သဘောတူညီချက်ကို စစ်ကောင်စီတပ်က ချိုးဖောက်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့မှာပါတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဇန်နဝါရီလ ၂၂ ရက်နေ့ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က မန္တလေးတိုင်း မိုးကုတ်မြို့နယ်က TNLA တပ်စခန်းကို ဇန်နဝါရီလ ၂၁ ရက် ည ၈ နာရီဝန်းကျင်မှာ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
အပစ်ရပ်သဘောတူညီချက်မှာ စစ်ကောင်စီတပ်အနေနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို တိုက်ခိုက်မှုတွေမလုပ်ဖို့ သဘောတူထားပါတယ်။
ဇန်နဝါရီလ ၁၃ ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့က ငြိမ်းချမ်းရေးကုန်းကို စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့တာကြောင့် TNLA တပ်တွေ ဆုတ်ခွာပေးခဲ့ရပါတယ်။
TNLA ရဲ့ ဇန်နဝါရီလ ၂၂ ရက် ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီတပ်ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်နေတယ်လို့ ပြောဆိုထားပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်နေတယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်က စတင်ခဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့တို့အကြား ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ရပ်တန့်သွားတာပါ။
ဒါပေမဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။