တောင်ကုတ်က ခြောက်ဦး AA နဲ့ဆက်စပ်ပြီး ထောင်လေးနှစ် ချခံရ

ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က ဒေသခံ ခြောက်ဦးကို တောင်ကုတ်ခရိုင် တရားရုံးကနေ ဇူလိုင်လ ၁၁ ရက်နေ့က ထောင်ဒဏ် ၄ နှစ်စီ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူတွေက တောင်ကုတ်မြို့နယ် ဆားပြင်ရွာက ဦးသန်းနိုင်၊ ချက်ဖောက်ရွာက ဦးဌေးမောင်၊ ဦးကျော်တင်အောင်၊ ကိုနေရဲဝင်းနဲ့ မအီမြို့က ဦးမောင်ကြီး၊ ဦးမောင်ငယ်တို့ဖြစ်ကြပါတယ်။

သူတို့ဟာ အချိန် သုံးနှစ်အကြာ တရားရင်ဆိုင်ရပြီးနောက် အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ်ချမှတ်ခံလိုက်ရတာလို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးတင်ညိုက RFA ကို ပြောပါတယ်။

“သူတို့ကို ဖောက်ခွဲရေးပစ္စည်း တွေ့ရှိတယ်ဆိုပြီး ပုဒ်မ ၅၀ (ဈ) နဲ့ တရားစွဲတာပေါ့။ တရားရုံးမှာ စစ်တဲ့အခါမှာ ၅၀ (ဈ) နဲ့ မငြိဘူး။ ဒါပေမဲ့ AA နဲ့ ဆက်စပ်တယ်ဆိုပြီး တရားရုံးက ၅၂ (က) နဲ့ ထောင်ဒဏ် ၄ နှစ်စီ ချမှတ်လိုက်တာပေါ့။ ချုပ်ရက်တွေကိုပါ ထည့်ပေါင်းရင် နောက်တစ်နှစ်လောက် ထောင်ထဲမှာ နေရဦးမှာပေါ့”

သူတို့ ခြောက်ဦးဟာ ၂၀၂၀ ခုနှစ် ဧပြီလနဲ့ ဇွန်လမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဧရာဝတီတိုင်း မြန်အောင်မြို့ အခြေစိုက် ခလရ (၅၁) က ဗိုလ်ကြီး အောင်ဝေယံဦးက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ကလည်း သံတွဲမြို့ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အကြီးတန်းစာရေး ဦးဝင်းမောင်မောင်ဖြိုးကို သံတွဲခရိုင် တရားရုံးက ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။

သူဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို ရက္ခိုင့်တပ်တော် (AA) ထံ သတင်းပေးတယ်၊ ငွေကြေးကောက်ခံပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ပုဒ်မ ၅၀၅ (က) တို့နဲ့ တရားစွဲခံထားရတာပါ။

လက်ရှိမှာတော့ ပုဒ်မ ၅၀၅ (က) အတွက် ထောင်ဒဏ်ချမှတ်ခံလိုက်ရတာဖြစ်ပြီး ပုဒ်မ ၁၇ (၁) အတွက် ထပ်မံတရားရင်ဆိုင်ရဖို့ ရှိနေတာပါ။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲ ရပ်စဲတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပစ်ခတ်ရပ်စဲရေး ဆွေးနွေးမှုတွေထဲမှာ AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ အချက်ပါဝင်တယ်လို့ AA ဘက်က ပြောဆိုထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်ကနေ ပြန်လွှတ်ပေးတာမရှိသေးဘူးလို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက ၂၀၂၃ ခုနှစ် ဖော်ဖော်ဝါရီလအတွင်း အွန်လိုင်းကနေပြုလုပ်တဲ့ AA ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။