ရခိုင်ပြည်နယ်ကို Confederate ကိုယ်ပိုင်အချုပ်အခြာ အာဏာရှိတဲ့အဆင့်ထိ ရလိုကြောင်း AA စစ်ဦးစီးချုပ် ပြောကြားခဲ့တာဟာ လက်တွေ့နဲ့ ကင်းကွာပြီး ဒီအချက်ကို နိုင်ငံရေးဦးတည်ချက်အနေနဲ့ ဖော်ဆောင်မယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ အလွန်များလာမှာဖြစ်သလို ရခိုင်ပြည်သူတွေ အထိအခိုက်များလာမယ်လို့ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု ISP ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုမင်းဇင် က ပြောပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်ကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို အာဏာခွဲဝေမှုမြင့်မားတဲ့ Confederate အခြေအနေကို ပိုသဘောကျတယ်လို့ ဧရာဝတီသတင်းဌာနမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။
ရခိုင်ဒေသစစ်ပွဲတွေနဲ့ AA စစ်ဦးစီးချုပ် ပြောကြားချက်နဲ့ ပတ်သက်လို့ ဒီကနေ့ ရန်ကုန်မြို့ Pan Pacific ဟိုတယ်မှာ ကျင်းပတဲ့ ISP Peace Desk ဝက်ဆိုဒ် မိတ်ဆက်ပွဲ အခမ်းအနားမှာ သုတေသနအမြင်အရ ဘယ်လိုမြင်ပါသလဲလို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ဦးမင်းဇင်က အခုလိုပြောလိုက်တာဖြစ်ပါတယ်။
ISP အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိအစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်တွေ၊ ငြိမ်းချမ်းလုပ်ငန်းစဉ်မှာ အစိုးရရဲ့ လုပ်ဆောင်မှု အခြေအနေ၊ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအပေါ်အမြင်တွေ စတဲ့အချက်တွေကို ဆွေးနွေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ကျောင်းတောင်၊ ခထီးလှ၊ ငမြင်းဘော်၊ ဂုတ်ပီ စတဲ့ နယ်ခြားစောင့်ရဲစခန်း ၄ ခုကို AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၅ ထောင်နီးပါး ရှိလာသလို ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မောင်တောမြို့နယ်တို့ကိုလည်း ခရီးသွားလာခွင့် ကန့်သတ်ထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။