နှစ်သောင်းကျပ်တန်ငွေစက္ကူကို အသိအမှတ်မပြုကြောင်း NUG ပြော
2023.07.27
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေမယ့် နှစ်သောင်းကျပ်တန် ငွေစက္ကူကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အသိအမှတ်မပြုကြောင်းနဲ့ တရားမဝင်ငွေစက္ကူအဖြစ် သတ်မှတ်ကြောင်း ဇူလိုင်လ ၂၇ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
NUG ရဲ့ ကြားကာလ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးတင်ထွန်းနိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားတာဖြစ်ပြီး တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီကဖြစ်စေ၊ သူ့ရဲ့ လက်အောက်ခံအဖွဲ့အစည်းကဖြစ်စေ ငွေစက္ကူအမျိုးစားသစ် ရိုက်နှိပ်ထုတ်ဝေတာဟာ တရားမဝင်ဘူးလို့ ဆိုပါတယ်။
ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနဲ့ ကပ်ရောဂါတွေကို စုံပြုံခံစားနေရချိန် ပြည်သူလူထုအပေါ် ထပ်ဆင့်ပြီး ဒုက္ခအကျပ်အတည်းဆိုက်စေတဲ့ ငွေစက္ကူသစ်ထုတ်ဝေတာကို လက်မခံနိုင်ဘူးလို့လည်း NUG က ပြောပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်ထုတ်ဝေလို့ ငွေကြေးဖောင်းပွမှု လုံးဝဖြစ်မှာမဟုတ်ဘဲ နိုင်ငံစီးပွားရေးကို ကမောက်ကဖြစ်အောင် နိုင်ငံရေးအရ တိုက်ခိုက်မှုတွေ လုပ်နေကြတာလို့ ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။
NUG ကတော့ စစ်ကောင်စီသက်ဆိုးရှည်ဖို့နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် လိုအပ်နေတဲ့ ဘဏ္ဍာငွေကို ငွေစက္ကူအမျိုးစားသစ် ရိုက်နှိပ်ထုတ်ဝေပြီး အရေးပေါ် ဖြည့်တင်းဖို့ အားထုတ်နေတာလို့ ပြောထားပါတယ်။
လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့မှာ ကျပ်နှစ်သောင်းတန် ငွေစက္ကူကိုထုတ်ဝေမယ်လို့ စစ်ကောင်စီက ကြေညာလိုက်တဲ့ နောက်ပိုင်း ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းမှာ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံစားသုံးကုန်ဈေးတွေ မြင့်တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေနဲ့ နိုင်ငံခြားငွေဈေးနှုန်းတွေလည်း တည်ငြိမ်မှုမရှိဘဲ မြင့်တက်နေပြီး အိမ်ခြံမြေ ဈေးကွက်တွေမှာလည်း အရောင်းအဝယ်ရပ်သွားတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောကြပါတယ်။