စလင်းနဲ့ ဝမ်းတွင်းမှာ စစ်မှုထမ်းဖို့နှိုးဆော်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်သတ်ခံရ

စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးနေတဲ့ မကွေးတိုင်း၊ စလင်းမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးမြင့်ထူးနဲ့ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးမောင်ပုတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံအဖွဲ့တွေက RFA ကိုပြောပါတယ်။

စလင်းမြို့နယ်၊ ပုခက်တိုင်ရွာမှာ ပြည်သူတွေစစ်မှုထမ်းဖို့ အသံချက်စက်နဲ့ နှိုးဆော်နေတဲ့ အသက် ၅၀ အရွယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထူးကို စစ်ရေးပတ်မှတ်အဖြစ်သတ်မှတ်ပြီး မတ်လ ၁၈ နေ့၊ ည ၁ဝ နာရီခွဲမှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်၊ သီးကုန်းရွာအုပ်ချုပ်ရေးမှူး ဦးမောင်ပုကိုတော့ မတ်လ ၁၉ နေ့ ညနေပိုင်း၊ ထွေအုပ်ရုံးကအပြန်မှာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Wundwin Township Revolution Force-WTRF အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာလို့ အဲဒီအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး နှစ်ဦးစလုံးမှာ လက်လုပ်သေနတ်တွေ ကိုင်ဆောင်ထားကြတယ်လို့လည်း ဆိုပါတယ်။

စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖော်ဖို့ လုပ်နေကြတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဆက်ပြီးအရေးယူသွားမယ်လို့ RFA ကို ပြောပါတယ်။

"နိုင်ငံရေးမတည်ငြိမ်တာကို အခွင့်ကောင်းယူပြီး ပြည်သူတွေကို ခြိမ်းခြောက်၊ ကိုယ်ကျိုးစီးပွားရှာနေတဲ့ လဝက၊ ထွေအုပ်၊ ရပ်ကျေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို စာရင်းပြုစုထားတယ်။ တစ်ဦးချင်း ဆက်ပြီး အရေးယူသွားဖို့ ရှိပါသေးတယ်"

Wundwin Township Revolution Force-WTRF အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကလည်း ပြည်သူတွေကို စစ်မှုထမ်းဖို့ ဖိအားပေးသူတွေကို စောင့်ကြည့်နေတယ်လို့ RFA ကိုပြောပါတယ်။

"စစ်ကောင်စီအလိုကျ စစ်မှုထမ်းဥပဒေအတွက် အလုပ်ဆက်လုပ်ပေးနေတဲ့သူတိုင်း ဒီမောင်ပုလမ်း သွားရမယ်၊ စောင့်ကြည့်နေပါတယ်"

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နဲ့​ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ရန်ကုန်၊ မန္တလေးအပါအဝင် တစ်နိုင်ငံလုံးက မြို့နယ်၊ ကျေးရွာတွေမှာ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ လူငယ်တွေကို မဲနှိုက်ရွေးချယ်တာတွေ ဆက်တိုက်လုပ်နေပြီး မဲပေါက်သူတွေ စစ်မှုမထမ်းရင် မိသားစုကို အရေးယူ ထောင်ချတာတွေလုပ်မယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်မှုတွေ ရှိနေတာပါ။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ကောင်စီက အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူတွေအားလုံး ကန့်ကွက်နေသလို စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့လူငယ်တွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်တာတွေ များလာနေပါတယ်။