ကေအိုင်အို အရာရှိနှစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး
2023.06.08

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က တည်းခိုခန်းတစ်ခုမှာ တည်းနေတဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) အရာရှိနှစ်ယောက်ကို ဇွန်လ ၅ ရက်နေ့ ည ၁၁ ကျော်ချိန်မှာ စစ်ကောင်စီက ဖမ်းဆီးပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲနဲ့ စစ်တပ်က ကင်းပတ်ပြီး ဧည့်စာရင်းလိုက်စစ်တဲ့အချိန် ဖုန်းကို စစ်ဆေးရာကတဆင့် ဓာတ်ပုံတွေတွေ့ပြီး ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ခရိုင်ရဲကနေ စစ်သားတွေရော၊ ရဲတွေရောပါတဲ့ ပတ်ကင်းတွေက လွှတ်တော်ရုံးနား အထိ ရောက်တယ်ဗျာ။ လွှတ်တော်ရုံးကအပြန် အဲတည်းခိုခန်းကို ဧည့်စာရင်းဝင်စစ်တာ အဲချိန်မှာ ဖုန်းထဲမှာ စစ်ဝတ်စုံတွေနဲ့ ပုံတွေပါတာတွေ့လို့ ဖမ်းခေါ်သွားတာတဲ့။ အခု ခရိုင်ရဲကနေတဆင့် တိုင်းစစ်ဆေးရးဌာကကို လွှဲလိုက်ပြီပြောတယ်။ ပြောမယ် ဆိုရင်တော့ စစ်ကြောရေးပေါ့”
ဖမ်းဆီးခံရသူ နှစ်ဦးမှာ မြစ်ကြီးနားမြို့နယ်က ဒုတိုက်နယ်မှူး ဦးလွမ်းဒေါင်နဲ့ မလိယန်ဇုံးနယ်က ဒုတိုက်နယ်မှူး ဦးလဆမ်တို့ဖြစ်တယ်လို့ KIA သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနဲ့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးတက်တာကြောင့် လတ်တလော ဖုန်းဖြေဆိုလို့မရသေးဘူးလို့ ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်က Happy KTV မှာ KIA တပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် အမျိုးသား ငါးဦးဖမ်းခံခဲ့တာလည်းရှိခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမပေါ်မှာရှိတဲ့ Happy KTV မှာ KIO အရာရှိ ၁၃ ယောက် ဖမ်းဆီးခံခဲ့ရပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ - ၁၇ (၁) အတွက် ထောင်ဒဏ် နှစ်နှစ်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) အတွက် ထောင်ဒဏ် သုံးနှစ်၊ စုစုပေါင်း ငါးနှစ်စီ ချမှတ်ခံထားရပါတယ်။