အရပ်ဝတ်နဲ့ ဈေးလာဝယ်တဲ့ စစ်သားနှစ်ယောက် သေနတ်နဲ့ပစ်ခတ်ခံရ

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ၃၇ လမ်း အခွန်လွတ်ဈေးမှာ ဒီဇင်ဘာ ၁၃ ရက် ဒီနေ့မနက်က အရပ်ဝတ်နဲ့ ဈေးလာဝယ်သူ စစ်သားနှစ်ယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

ဒီမနက် ၆ နာရီဝန်းကျင် အရပ်ဝတ်နဲ့ ဈေးလာဝယ်တဲ့ စစ်သားနှစ်ယောက်ကို ဆိုင်ကယ် တစ်စီးပေါ်က သေနတ်နဲ့ ပစ်ခတ်သွားတာလို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

ပစ်ခတ်ခံရသူ နှစ်ယောက်ထဲက တစ်ယောက်ဟာ တပ်ကြပ်အဆင့်ရှိသူ ဖြစ်သလို နေရာမှာပဲ သေဆုံး သွားခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာလည်း မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ၄၁ လမ်း၊ ကုန်စိမ်းဈေးမှာ ဈေးလာဝယ်တဲ့ စစ်ကားတစ်စီး ဗုံးနဲ့ပစ်ခံရပြီး စစ်သားနှစ်ယောက် သေဆုံးခဲ့ပါတယ်။

နိုဝင်ဘာ ၁၁ ရက်ကလည်း ရန်ကုန်တိုင်း လှိုင်မြို့နယ်ထဲမှာ အရပ်ဝတ်နဲ့ ဈေးဝယ်နေတဲ့ စစ်ကောင်စီ တပ်သား သုံးယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။