NLD မှာကျင်းပမယ့် ဒေါက်တာဦးမြင့်ရဲ့ စာတမ်းဖတ်ပွဲ အာဏာပိုင်တွေ တားမြစ်

အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်မှာ တနင်္လာနေ့က ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာ့ စီးပွားရေး ပညာရှင် ဦးမြင့်ရဲ့ စာတမ်းဖတ်ပွဲကို အာဏာပိုင်တွေက တားမြစ်ခဲ့တာကြောင့် အစီအစဉ် ဖျက်သိမ်း လိုက်ရတယ်လို့ အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ပြောပါတယ်။

"ဒေါက်တာဦးမြင့်ကို နေပြည်တော်ကနေပြီးတော့ မလုပ်ရဘူး ဆိုပြီး တားတယ်တဲ့။ ဒါကြောင့်မို့လို့ မလုပ်ဖြစ်တာပါ။ ဆရာမောင်မြင့်က မြန်မာပြည် ဆင်းရဲမှု လျှော့ချရေး ကိစ္စတွေ ဆွေးနွေးမှာပါ။ ကျနော်တို့ကလည်း ပြန်ဆွေးနွေးစရာတွေ ရှိတာပေါ့။ မလုပ်ရဘူးဆိုတော့ သူ့ Idea တွေ ကျနော်တို့ မကြားရတော့ဘူးပေါ့။" ဒေါက်တာဦးမြင့် အနေနဲ့ သူပြုစုထားတဲ့ ဆင်းရဲ မွေတေမှု ပပျောက်ရေး ဆိုင်ရာ စာတမ်းနှစ်စောင် ဟောပြောဖို့ စီစဉ်ထားခဲ့တဲ့ အကြောင်း ဦးဝင်ထိန်က ပြောပါတယ်။ ဒေါက်တာဦးမြင့်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေး အဖွဲ့ ခေါင်းဆောင် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပုဂ္ဂိုလ်ရေး အရ ရင်းနှီးသူ တဦးလို့ လူသိများပါတယ်။