ဦးဝင်းထိန်ရဲ့အမှု ပြင်ဆင်ချက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပယ်ချ

ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်ရဲ့ အမှုနဲ့ ပတ်သက်လို့ ရာဇဝတ်ပြင်ဆင်မှု လျှောက်ထားချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဇူလိုင်လ ၂၁ ရက် ဒီနေ့မှာ ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်ညိုပျက်အောင် ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၂၄ (က)နဲ့ နေပြည်တော်က သီးသန့်တရားရုံးမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၉ ရက်က အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့တာပါ။

အဲဒီအမိန့်ဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး ဦးဝင်းထိန်ရဲ့ ရှေ့နေတွေက တိုင်းတရားလွှတ်တော် အဆင့်ကို အယူခံတင်ခဲ့ပေမယ့် ပယ်ချခံရပါတယ်။

ဒါကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ရာဇဝတ်ပြင်ဆင်မှု ထပ်တက်ရာမှာလည်း ထပ်မံပယ်ချခံရတာပါ။

နိုင်ငံရေးမှုတွေနဲ့ ပတ်သက်လာရင် တရားခွင်အတွင်း ကန့်ကွက်တာပဲဖြစ်ဖြစ်၊ အထက်တရားရုံးတွေကို အယူခံတက်တာပဲဖြစ်ဖြစ် အများစုက ပယ်ချခံရတာများတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အသက် ၈၀ ရှိပြီဖြစ်တဲ့ ဦးဝင်းထိန်ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပြီး အာဏာသိမ်းမှုကို ဝေဖန်ခဲ့တဲ့အတွက် စစ်ကောင်စီက ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။

စစ်တပ်အရာရှိဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးသူ ဦးဝင်းထိန်ဟာ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးအဖြစ် ရပ်တည်နေရာကနေ ၁၉၈၈ ခုနှစ်မှာ NLD ခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ပူးပေါင်းခဲ့ပြီး နဝတ စစ်အစိုးရက ၁၉၈၉ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ထောင်ဒဏ် ငါးနှစ် ချခံခဲ့ရပါတယ်။

အဲဒီနောက် ၁၉၉၆ ခုနှစ်မှာ နောက်တစ်ကြိမ် ထပ်မံအဖမ်းခံရပြီး အင်းစိန်ထောင်၊ မြင်းခြံထောင်၊ မိတ္ထီလာထောင်၊ မန္တလေးထောင်နဲ့ ကသာထောင်တွေမှာ ၂၀၁၀ ပြည့်နှစ်အထိ ၁၄ နှစ်ကြာ နေထိုင်ခဲ့ရတာကြောင့် သူဟာ ထောင်ထဲမှာ စုစုပေါင်း နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်းခဲ့ရပြီးသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း ထောင်ဒဏ် အနှစ် ၂၀ အတွက် မန္တလေးအိုးဘိုထောင်မှာ ဖမ်းဆီး အကျဉ်းကျခံနေရပါတယ်။