စစ်ကောင်စီကို လေယာဉ်ဆီ ထောက်ပံ့နေတဲ့ ကုမ္ပဏီ ခြောက်ခုကို ဗြိတိန်အရေးယူ
2024.10.29

Updated 4:26 PM Oct 20, 2024
စစ်ကောင်စီကို လေယာဉ်ဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ ခြောက်ခုကို ဗြိတိန်နိုင်ငံက ပိတ်ဆို့အရေးယူလိုက်ကြောင်း အောက်တိုဘာလ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။
အရပ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လက်မခံနိုင်တာကြောင့် ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်တိုးချမှတ်လိုက်တာလို့ ဗြိတိန်အစိုးရ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Catherine West က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
"နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်ရဲ့ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ်မရှိပါ။ အပြစ်မဲ့ အရပ်သားတွေကို ထိခိုက်ခြင်းဟာလည်း သည်းခံနိုင်ဖွယ် မဟုတ်ပါ။ ဒါကြောင့် ဒီနေ့ ယူကေဟာ မြန်မာစစ်တပ်ဆီကို ပစ္စည်းကိရိယာတွေနဲ့ လေကြောင်းလောင်စာတွေ ဖြန့်ဖြူးရောင်းချနေသူတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်"
အခုချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုအသစ်ကြောင့် စစ်ကောင်စီကို ဖိအားတွေ တိုးလာမှာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းပြီး ဒီမိုကရေစီအနာဂါတ်အတွက် ယူကေအစိုးရအနေနဲ့ ကူညီထောက်ပံ့မှုတွေကို အခိုင်အမာရပ်တည်နေတယ်လို့ ဆိုပါတယ်။
ဗြိတိန်နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂ (EU) နဲ့ ကနေဒါနိုင်ငံတွေနဲ့အတူ စစ်ကောင်စီရဲ့ ရန်ပုံငွေ၊ ပစ္စည်းကိရိယာတွေနဲ့ အရင်းအမြစ်တွေ ရယူသုံးစွဲခွင့်ကို ပိုမိုကန့်သတ်လိုက်တာလို့လည်း ဗြိတိန်သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက် အများဆုံးလုပ်ခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ပြီး အရပ်သားတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့လည်း ဗြိတိန်သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Asia Sun Group Company Limited, Swan Energy Company Limited, Myan-Oil Company Limited, Rich Ray Trading Company Limited, Progress Technology Support Company Limited (a.k.a Royal Shune Lei) နဲ့ King Royal Technologies Company Limited ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူလိုက်တာပါ။
ဗြိတိန်နိုင်ငံက ပိတ်ဆို့အရေးယူမှု အသစ်ချမှတ်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
(မှတ်ချက် - ဤသတင်းတွင် ပိတ်ဆို့အရေးယူခံရသည့် ကုမ္ပဏီ ငါးခုအစား ကုမ္ပဏီ ခြောက်ခုဟု ပြန်လည် ပြင်ဆင်ထားပါသည်။)