မြန်မာနဲ့ယူကရိန်းကို လူသားချင်းစာနာမှုကူညီရေး အာဆီယံတိုက်တွန်း

မြန်မာနဲ့ယူကရိန်းက ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိဘဲ ထိထိရောက်ရောက် ပို့ဆောင်ကူညီရာမှာ ပူးပေါင်းပါဝင်ပေးကြဖို့ အာဆီယံနဲ့ ထိပ်သီးညီလာခံဆွေးနွေးဘက် နိုင်ငံတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဇူလိုင်လ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေက အင်ဒိုနီးရှားမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကို အာဆီယံရဲ့ဆွေးနွေးဘက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ကနေဒါ၊ ဩစတြေးလျ၊ အီးယူ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ နော်ဝေ၊ နယူးဇီလန်၊ တောင်ကိုရီးယားနဲ့ ရုရှားတို့ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ အရပ်ဘက်အဆောက်အအုံတွေ ဗုံးကြဲဖျက်ဆီးခံရတာတွေ အပါအဝင် အကြမ်းဖက်မှုတွေကိုလည်း အဲဒီအစည်းအဝေးမှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။

ဒီအစည်းအဝေးကနေ မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ ပတ်သက်လို့ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးစင်တာ (AHA Centre)ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း အသိအမှတ်ပြုချီးကျူးခဲ့ပါတယ်။

ဇူလိုင်လ ၇ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ဘေးဒုက္ခသည် မိသားစု ၄ဝဝ အတွက် ထောက်ပံ့ကူညီမှုအပါအဝင် ဘေးကင်းရာကို ပို့ဆောင်ပေးခဲ့တာအတွက်လည်း အာဆီယံနဲ့မိတ်ဖက်နိုင်ငံတွေက ချီးကျူးခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။