သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်သူ အပြစ်ရှိကြောင်း ဝန်ခံ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း။ (Photo: Permanent Mission of Myanmar to the United Nations)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ် ဖို့အတွက် ပူးပေါင်းကြံစည်မှုနဲ့ စွဲဆိုခံထားရတဲ့ မြန်မာနိုင်ငံသား ရဲဟိန်းဇော်ဟာ "သံတမန်တစ်ဦးကို အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှု" နဲ့ အပြစ်ရှိတယ်လို့ အမေရိကန်ပြည်ထောင်စု တရားရေးဌာန၊ နယူးယောက် တောင်ပိုင်းခရိုင်တရားရုံးရှေ့နေ Damian Williams က ဒီဇင်ဘာ ၁၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှုနဲ့ အပြစ်ရှိတယ်လို့ နယူးယောက်တောင်ပိုင်းခရိုင် White Plains ဖက်ဒရယ်တရားရုံး ခရိုင်တရားသူကြီး Philip M. Halpern ရှေ့မှောက်မှာ ရဲဟိန်းဇော်က ဝန်ခံခဲ့တယ်လို့ အမေရိကန်တရားရေးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာနေထိုင်တဲ့ ရဲဟိန်းဇော်ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လနဲ့ သြဂုတ်လ အတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ကို ဒဏ်ရာရစေဖို့ ဒါမှမဟုတ် သတ်ဖြတ်ဖို့ အတွက် အခြားသူတွေနဲ့ ပူးပေါင်းကြံစည်ခဲ့တယ်ဆိုတာ ထင်ရှားကြောင်းနဲ့ အဲဒီလို ကြံစည်ကြိုးစားစဥ်မှာ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ လက်နက်မှောင်ခိုရောင်းဝယ်သူ တစ်ဦးနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

ရဲဟိန်းဇော်ရဲ့အမှုကို လာမယ့်၂၀၂၂ ခုနှစ် မေလမှာ အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။