မြန်မာ့အရေးကူညီပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို ကုလအထူးကိုယ်စားလှယ် တောင်းဆို

2022.01.17
မြန်မာ့အရေးကူညီပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို ကုလအထူးကိုယ်စားလှယ် တောင်းဆို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ နိုလင်းဟေဇာနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာတို့ ဇန်နဝါရီလ ၁၇ ရက်နေ့က ဘန်ကောက်မြို့တွင် တွေ့ဆုံကြစဉ်။
Photo: Reuters

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန် မစ္စ Noeleen Heyzer ဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ မနေ့က တွေ့ဆုံခဲ့ပြီး၊ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခအခြေအနေတွေ ပိုဆိုးမလာအောင် ကူညီဖို့နဲ့ မြန်မာနိုင်ငံက ပဋိပက္ခဒေသတွေကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုခဲ့တဲ့ အကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေ တိုးပွားလာတာနဲ့အမျှ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်မှာ မတည်ငြိမ်မှုတွေ ဖြစ်ပွားလာနိုင်ကြောင်း၊ ဒီလို အခြေအနေကို ရှောင်ရှားနိုင်ဖို့ ထိုင်းဝန်ကြီးချုပ်ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးတယ်လို့ မစ္စ နိုလင်းဟေဇာက ပြောတဲ့အကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

မစ္စ နိုလင်းဟေဇာဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာက လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့နဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကို အာဆီယံနဲ့ရထားတဲ့ သဘောတူညီချက် ငါးချက်ကို လိုက်နာဆောင်ရွက်လာအောင် တိုက်တွန်းဖို့အတွက် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အစိုးရဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိတယ်လို့ သတ်မှတ်ခံထားရပြီး မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ စစ်ဆင်ရေးတွေ ထပ်တိုးလိုက်မယ်ဆိုရင် ထိုင်းနိုင်ငံဘက်ကို စစ်ပြေးဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမယ့် အခြေအနေကို စိုးရိမ်ပူပန်နေကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။