ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်တပ်ကို တရားစွဲနိုင်ဖို့ နိုင်ငံတကာကို ကုလကိုယ်စားလှယ်တိုက်တွန်း

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးသတ်ဖြတ်ပြီး နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတာဟာ အခုဆို ငါးနှစ်ရှိခဲ့ပြီမို့ ကျူးလွန်သူတွေ ဥပဒေအရ အရေးယူခံရနိုင်ရေး အပြည်ပြည်ဆိုင်ရာမိသားစုအနေနဲ့ ဆထက်ထမ်းပိုး ကြိုးပမ်းပေးကြဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က သြဂုတ်လ ၂၄ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

စစ်တပ်ကျူးလွန်ခဲ့တာဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်ဆိုတာ အပြည်ပြည်ဆိုင်ရာ မိသားစုကြီးတစ်ခုလုံးကပြောဆိုခဲ့ပြီးဖြစ်ပေမယ့် မြန်မာစစ်တပ်ကတော့ ကျူးလွန်ခဲ့တဲ့ ဒီပြစ်မှုကြီးကနေ တာဝန်ခံမှုမရှိဘဲ ကင်းလွတ်နေဆဲဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

စစ်တပ်ကျူးလွန်ခဲ့တာဟာ လွန်ခဲ့တဲ့ ငါးနှစ်က ပြစ်မှုတွေတင်မက အဲ့ဒီမတိုင်ခင်ကတည်းက ရိုဟင်ဂျာတွေအပေါ်ရရှိသင့် ရရှိထိုက်တဲ့ အခွင့်အရေးတွေ မပေးခဲ့တာတွေလည်း ပါဝင်ကြောင်း၊ အခုအချိန်မှာ စစ်တွေမြို့က ရိုဟင်ဂျာ တစ်သိန်းနှစ်သောင်းကျော်ဟာလည်း ချွေးတပ်စခန်းမှာလို နေရတာကို မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်လို့ Tom Andrews က ပြောပါ တယ်။

အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေထိုင်တဲ့ ဒုက္ခသည်တစ်သန်းဟာလည်း လုံခြုံရေးအခြေအနေအရ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးတဲ့အတွက် ကျဉ်းကျဉ်းကျပ်ကျပ် မပြည့်မစုံနေထိုင်နေကြရပြီး ဒီအခြေအနေတွေကြောင့် အပြည်ပြည်ဆိုင်ရာ မိသားစုအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေကိုလည်း အကူအညီတွေ ဆက်ပေးဖို့ ပန်ကြားထားပါတယ်။

တစ်ဆက်တည်း ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်တပ်ကို နိုင်ငံတကာတရားရုံးကို အရောက်ပို့ဖို့၊ စီးပွားရေးသံတမန်ရေးတွေနဲ့ အပြင်းထန်ဆုံးဖိအားတွေဖို့ကိုလည်း Tom Andrew က တိုက်တွန်းသွားပါတယ်။