တပ်မတော်အပါအဝင် ကုမ္ပဏီတချို့ကို အရေးယူဖို့ FFM ထုတ်ပြန်

0:00 / 0:00

မြန်မာ့တပ်မတော်ကို လက်နက်ရောင်းချခွင့်ပိတ်ဖို့ အပါအဝင် တပ်မတော်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေး ကုမ္ပဏီတွေကိုပါ ပိတ်ဆို့အရေးယူဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင်က ဒီနေ့ အစီရင်ခံစာထုတ်ပြန်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင် FFM ရဲ့ ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန် လိုက်တဲ့ မြန်မာ့တပ်မတော်ရဲ့ စီးပွားရေး အကျိုးအမြတ်ဆိုင်ရာ အစီရင်ခံစာမှာ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်း ကုမ္ပဏီတွေနဲ့ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းတွေကနေ ရရှိထားတဲ့ ဝင်ငွေတွေက တပ်မတော်အနေနဲ့ ဆိုးရွားတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာကို သိသိသာသာမြှင့်တင်ပေးနေတယ်လို့ ဆိုထား ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ နိုင်ငံတကာက လက်နက်နဲ့ပတ်သက် တဲ့ ကုမ္ပဏီတွေနဲ့ ပတ်သက်တာမျိုးတွေတော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။

ဘူးသီးတောင်၊ မောင်တောဖက် ပဋိပက္ခတွေကြောင့် တစ်ပြည်လုံးက လှူဒါန်းလိုက်တာတွေကိုလည်း ဒေသခံတိုင်းရင်းသားတွေအပြင် ဘင်္ဂါလီတွေကိုအတွက်လည်း ထည့်သွင်းပါဝင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တပ်မတော်က ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတွေ ပေါ် ပစ်မှတ်ထားတဲ့ အရေးယူပိတ်ဆို့တာတွေ ချက်ခြင်းဆောင်ရွက်ဖို့ တိုက်တွန်းထားသလို ပြည်တွင်း ပြည်ပက စားသုံးသူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကုမ္ပဏီတွေအနေနဲ့လည်း တပ်မတော်နဲ့ ဆက်သွယ်မှုမရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကိုသာ ဆက်ဆံဖို့ အစီရင်ခံစာက တိုက်တွန်းထားပါတယ်။ ပိတ်ဆို့ဖို့ တောင်းဆိုခံရတဲ့ကုမ္ပဏီ အနည်းဆုံး ၄၅ ရှိပြီး အဲဒီထဲမှာ မြန်မာကုမ္ပဏီကြီးတွေလည်း ပါဝင်ပါတယ်။

စစ်တပ်ပိုင်လုပ်ငန်းတွေဖြစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမီတက် (MEHL) နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ဟာ ဆောက်လုပ်ရေး နဲ့ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကစလို့ ကုန်ထုတ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဘဏ်လုပ်ငန်း စတဲ့ ကဏ္ဍမျိုးစုံတို့ကနေ အနည်းဆုံး စီးပွားရေးလုပ်ငန်းပေါင်း ၁၂၀ ကို ပိုင်ဆိုင်ထားကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်ခွဲလုပ်ငန်းပေါင်း ၂၆ ခုနဲ့ အတူ ကုမ္ပဏီနှစ်ခုစလုံးက ကချင်နဲ့ ရှမ်းပြည်နယ်တို့မှာ ကျောက်စိမ်းနဲ့ ပတ္တမြားတူးဖော်ရေး လိုင်စင်တွေကိုလည်း ရယူထားကြသလို မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ၊ ချွေးတပ်ဆွဲခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာအပါအဝင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားခြင်း စာနာထောက်ထားမှုဥပဒေ ချိုးဖောက်မှု တို့ကို တပ်မတော်က စီးပွားရေး လှုပ်ရှားတာတွေနဲ့ ပတ်သက်ပြီး ကျူးလွန်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ပြည်ပကုမ္ပဏီပေါင်း အနည်းဆုံး ၁၅ ခုက တပ်မတော်နှင့်ဖက်စပ်လုပ်ငန်းတွေရှိပြီး နောက်ထပ် ပြည်ပကုမ္ပဏီပေါင်း ၄၄ ခုက တပ်မတော်နဲ့ တခြား စီးပွားရေးဆက်ဆံမှုတွေရှိကြောင်း အစီရင်ခံစာက တွေ့ရှိကြောင်း ဖော်ပြထားပါတယ်။

အဲဒီပြည်ပစီးပွားရေး ကုမ္ပဏီတွေက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဥပဒေတွေကို ချိုးဖောက်တာတွေအပေါ် ပံ့ပိုးဖြည့်ဆည်းပေးရာ ရောက်တယ်လို့ ဆိုထားပါတယ်။

(RFA သတင်းထောက် မသက်စုအောင် ပေးပို့သည်)