ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ လွတ်လပ်သော အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ FFM အနေနဲ့ ၂ဝ၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံက နိုင်ငံတကာရာဇဝတ်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ခြင်းရှိမရှိကို ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ဒီတွေ့ရှိချက်တွေကို ၂ဝ၁၉ စက်တင်ဘာလ လူ့အခွင့်အရေး ကောင်စီညီလာခံမှာ တင်ပြအစီအရင်ခံသွားမယ်လို့ FFM အဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
မနှစ်က ကောင်စီမှာ တင်ပြခဲ့အပြီး နောက်ပိုင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေဟာ အနည်းငယ် တိုးတက်မှု ရှိခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ပြဿနာဟာ ပြီးဆုံးဖို့ အဝေးကြီး လိုသေးကြောင်း၊ မြောက် ပိုင်းပြည်နယ်တွေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရပ်တန့်သေးသလို ကျုးလွန်ခံရသူတွေအနေနဲ့ တရားဥပဒေအကာအကွယ်လည်း မရနိုင်ကြသေးကြောင်း FFM အဖွဲ့ ဥက္ကဋ္ဌ မာဇူးကီ ဒါရုဆလာမ်က ပြောပါတယ်။
မနှစ်က စက်တင်ဘာ အစီအရင်ခံစာထုတ်ပြန်အပြီး ကောင်စီက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးလုပ်ငန်း အဖွဲ့ IM ကို ဖွဲ့စည်းပေးခဲ့ပြီး ဒီအဖွဲ့ကနေ မြန်မာနိုင်ငံက နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး လူ့အခွင့်အရေးနဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်၊ တရားစွဲဆိုပြီး ပြစ်ဒဏ်စီရင်သွားမယ်လို့ လည်း မနေက ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကိုယ်တိုင်ခံစားရသူတွေ၊ ကျုးလွန်ခံရသူတွေနဲ့ စိတ်ဝင်စားသူတွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုက်ရိုက်တင်ပြ တိုင်ကြားနိုင်တယ်လို့လည်း ကြေညာချက်မှာ ရေးသားထားပါတယ်။