မလေးရှားနိုင်ငံမှာ လက်ရှိအဖမ်းဆီးခံနေရတဲ့ မြန်မာပြည်သားတွေအထဲက ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှာ စာရင်းပေးသွင်းထားပြီး community cardရှိသူတွေကို UN OPI (Outreach, protection and Intervention) ကယ်ဆယ်ရေးရုံးက ပြန်လည်လွတ်မြောက်အောင် ကြိုးပမ်းပေးမယ်လို့ သိရပါတယ်။
ကွာလာလမ်ပူမြို့ Chinese Assembly ခန်းမမှာ သြဂုတ်လ ၂၉ ရက်နေ့က မြန်မာဒုက္ခသည် အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာUN အရာရှိက community card ကိုင်ဆောင်ထားသူတွေကို လွတ်မြောက်အောင် လုပ်ပေးမယ်လို့ တရားဝင်ပြောဆိုခဲ့တာဖြစ်ကြောင်း ချင်းဒုက္ခသည်များကို အကူအညီပေးနေပြီး ကွာလာလမ်ပူ Cheras အရပ်မှာနေထိုင်တဲ့ ဆလိုင်းကျော်ကျော်က အခုလိုပြောပါတယ်။
“communities ေတွအားလုံးကိုခေါ်ပြီးတော့ OPI ဌာနဆိုတဲ့ သူတို့ထောင်မှာကျနေတဲ့သူတွေကို လိုက်လံထုတ်ပေးတဲ့ အဖွဲ့အစည်းကလူတွေ ကျနော့်ကို ပြောသွားပါတယ်ခင်ဗျ၊ အဲဒါကို community card တွေရှိတဲ့သူအားလုံးကို သူတို့အနေနဲ့ အဖမ်းခံရတယ်ဆိုရင် သတင်းပို့ပေးပါတဲ့၊ သူတို့ကို လိုက်လံထုတ်ပေးမယ်လို့ ပြောပါတယ်ခင်ဗျ၊ မြန်မာ community card တို့ ကရင် community card တို့ပေါ့ဗျာ၊ အဲဒီလိုမျိုး ကိုင်ထားတဲ့သူတွေအားလုံးကို ဆိုလိုတာပါခင်ဗျ”
ဒီလို community card ကိုင်ဆောင်ထားသူတွေဟာ ၂ဝ၁၃ ခုနှစ် မတ်လမတိုင်မီအထိ UNHCR မှာ စာရင်းပေးသွင်းထားသူတွေ ဖြစ်ရမှာဖြစ်ပြီး မိမိတို့community ခေါင်းဆောင်ကို သတင်းပို့ပြီး ဒီခေါင်းဆောင်ကနေ UNHCR ရုံးကို ထပ်မံသတင်းပို့ပြီး ပြန်လည်လွတ်မြောက်အောင် လုပ်ဆောင်ပေးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မလေးရှားနိုင်ငံအတွင်းမှာ အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို တရားဝင်အထောက်အထား ပြုလုပ်ခွင့်ပေးပြီး နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုတဲ့ 6P (6 programs) အစီအစဉ်မှာ တရားဝင်အထောက်အထား မပြုလုပ်သူတွေကို နောက်ဆုံးပိတ်အဆင့် ၆အနေနဲ့ အခုလို ဖမ်းဆီးနေတာဖြစ်ပါတယ်။
ဒီ ၃ လကြာစီမံချက်အရ ယမန်နေ့က မလေးရှားနိုင်ငံတဝှမ်း နေရာ ၅ဝ ခန့်မှာ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ရှာဖွေဖမ်းဆီးခဲ့ရာမှာ မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါနိုင်ငံသား ဦးရေ ၂၄၃၃ ဦးကို ဖမ်းဆီးခံခဲ့ရပြီး၊ ဒီအထဲမှာ မြန်မာပြည်သား ၅၅၅ ဦး ပါဝင်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီး Mr. Datuk Seri Ahmad Hamidi မစ္စတာ ဒါတက် ဆရီအာမက်က ပြောဆိုကြောင်းလည်း The Sun daily သတင်းအရ သိရပါတယ်။