မြန်မာ့အရေးမှာ နိုင်ငံတကာအနေနဲ့ အပြောလျှော့ပြီး အရေးယူဆောင်ရွက်ဖို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး (Tom Andrews)က ပြောဆိုလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ မတ်လ ၁၉ ရက်နေ့က ကျင်းပတဲ့ ဆွေးနွေးပွဲအတွင်း စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်က လူ့အခွင့်အရေးအခြေအနေတွေကို တင်ပြခဲ့တာဖြစ်ပါတယ်။
"စကားတွေပြောနေတာ၊ ကြေညာချက်တွေ၊ ထုတ်ပြန်ချက်တွေကို မြန်မာပြည်သူတွေက မလိုတော့ဘူး။ အရေးယူဆောင်ရွက်တာကိုပဲ မြန်မာပြည်သူတွေက လိုချင်တယ်"
မြန်မာပြည်ရဲ့ အခြေအနေတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာနေတယ်လို့လည်း တွမ်အင်ဒရူးက ထောက်ပြခဲ့ပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ လုပ်ပိုင်ခွင့်သုံးပြီး အဓိကတာဝန်ယူဖြေရှင်းမယ်လို့ ဆိုပါတယ်။ လုံခြုံရေးကောင်စီကနေ မဖြေရှင်းနိုင်ရင် ကုလအဖွဲ့ဝင်နိုင်ငံအားလုံး တစ်ပေါင်းတစ်စည်းတည်း စစ်ကောင်စီကို အရေးယူဒဏ်ခတ်ပိတ်ဆို့ရမယ်လို့လည်း တွမ်အင်ဒရူးက ပြောခဲ့ပါတယ်။
"စစ်ကောင်စီကို လက်နက်ဖြတ်တောက်ရမယ်၊ ငွေစီးဆင်းမှု ဖြတ်တောက်ရမယ်။ စစ်ကောင်စီရှင်သန်ဖို့ ကြိုးစားနေတဲ့ တရားဝင်မှုမရအောင် လုပ်ရမယ်။ တာဝန်ယူမှု တာဝန်ခံမှုရှိလာအောင် လုပ်ရပါမယ်"
နိုင်ငံတကာအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုဖို့လည်း တွမ်အင်ဒရူးက တောင်းဆိုခဲ့ပါတယ်။