မြန်မာနိုင်ငံအခြေအနေ ဆိုးရွားနေကြောင်း ကုလလူ့အခွင့်အရေးအကြီးအကဲ ပြော

မြန်မာစစ်တပ်ဟာ ပြည်တွင်းရော ပြင်ပကိုပါ သတင်းအချက်အလက် ထိမ်ချန်တဲ့ နည်းဗျူဟာကို အသုံးချနေပြီး သတင်းသမားတွေနဲ့အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း ပစ်မှတ်ထားနေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ James Rodehaver က Sky News သတင်းဌာနကို မနေ့က ပြောလိုက်ပါတယ်။

Sky News သတင်းဌာနက ရိုက်ကူးတင်ပြထားတဲ့ Inside Myanmar's Jungle Hospital ဆိုတဲ့ မြန်မာနိုင်ငံ တောတွင်း တစ်နေရာက ဆေးရုံတစ်ခုအကြောင်း သတင်းဆောင်းပါးထွက်လာအပြီး အခုလို မှတ်ချက်ပြုခဲ့တာပါ။

ဒီသတင်းဆောင်းပါးထဲမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လောက်အထိ ဆိုးဝါးနေသလဲဆိုတာ မျက်ဝါးထင်ထင် မြင်ရတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံထဲမှာ သတင်းအချက်အလက်တွေ ရယူဖို့ ခက်ခဲနေပြီး မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရဲ့ အာရုံစိုက်မှုမရဘဲ ဖြစ်နေချိန်မှာ ဒီဆောင်းပါးက အချိန်ကိုက်ထွက်လာတာလို့ James Rodehaver က ပြောပါ တယ်။

မြန်မာနိုင်ငံတွင်းမှာ တိုက်ပွဲပဋိပက္ခတွေ ဘယ်လောက်ပြင်းထန်နေလဲဆိုတာကို စစ်ကောင်စီက လူတွေ မသိအောင် ဖုံးကွယ်နေချင်ပြီး တိုင်းပြည်တွင်းက အကျပ်အတည်းတွေအကြောင်း ထုတ်ပြောတာတွေလည်း နည်းပါးလာနေတယ်လို့ ဆိုပါတယ်။

မိုဘိုင်းအင်တာနက်တွေ ဖြတ်တောက်ထားတာကြောင့်လည်း တိုက်ပွဲဖြစ်နေတဲ့ နေရာတွေက သတင်းတွေရဖို့ ခက်ခဲနေကြောင်း၊ စစ်ကောင်စီတပ်က မြန်မာပြည်သူတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ တိုးလာနေ ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲက ပြောဆိုကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။