မြန်မာက သက်ဆိုင်သူအားလုံး လူသားချင်းစာနာမှုဥပဒေလိုက်နာဖို့ ကုလ တိုက်တွန်း
2025.01.11

နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေက ပြဋ္ဌာန်းထားတဲ့ တာဝန်ဝတ္တရားတွေကို မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံး စောင့်ထိန်းလိုက်နာဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
ပြည်တွင်းစစ်ဖြစ်ပွားနေတာ လေးနှစ်နီးပါးရှိနေချိန်မှာ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာကို စစ်ကောင်စီက ဒီသီတင်းပတ်ထဲ လေကြောင်းက ဗုံးကြဲတဲ့အတွက် လူ လေးဆယ်ကျော် သေဆုံးရတယ်လို့ ကုလသမဂ္ဂ ကြေညာချက်မှာ ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အာရက္ခတပ်တော် (AA) တို့လည်း စစ်ကောင်စီက လေကြောင်းက တိုက်တဲ့အတွက် အရပ်သားတွေ သေဆုံးရတယ်လို့ ပြောကြားတဲ့အကြောင်း ရိုက်တာက ဇန်နဝါရီ ၁၁ ရက်မှာ ဖော်ပြပါတယ်။
ကျောက်နီမော်ရွာကို စစ်ကောင်စီက ဗုဒ္ဓဟူးနေ့က လေကြောင်းက တိုက်ခိုက်တဲ့အတွက် အိမ်အလုံး ငါးရာနီးပါး ပျက်စီးပြီး လူ လေးဆယ်ကျော် သေဆုံးတယ်လို့ NUG က ဒီလ ၁၀ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လေကြောင်းက တိုက်ခိုက်တဲ့အတွက် သေဆုံးတဲ့ မွတ်စလင် ၂၆ ဦးနဲ့ ဒဏ်ရာရသူ ၁၂ ဦးရဲ့ နာမည်တွေကို AA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီကို လေယာဉ်ဆီ၊ လေယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ နည်းပညာတွေ တင်ပို့ရောင်းချနေတာတွေကို အမြန်အရေးယူပိတ်ဆို့ဖို့ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign - BMC) က နိုင်ငံတကာ အစိုးရတွေကို ဇန်နဝါရီလ ၁၀ ရက်က တိုက်တွန်းခဲ့ပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ဟာ စစ်ကောင်စီဝင်ငွေ ရရှိနေတာတွေကို ဖြတ်တောက်ဖို့ ဆောင်ရွက်နေတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေရဲ့ မဟာမိတ်အဖွဲ့ ဖြစ်ပါတယ်။