UNFC နှင့် NCUB ကိုယ်စားလှယ်အဖွဲ့ အမေရိကန်ပြည်ထောင်စု ရောက်ရှိ

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အဖွဲ့ ကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကိုယ်စားလှယ်တွေကို ရှင်းလင်း တင်ပြဖို့အတွက် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။

NCUB ဥက္ကဋ္ဌနဲ့ UNFC ဒုဥက္ကဋ္ဌ တာဝန်တွေကို ပူးတွဲထမ်းဆောင်နေသူ စောဒေးဗစ်တာကပေါ ဦးဆောင်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့ဟာ နယူးယောက်မြို့ကို ရောက်ရှိနေပြီး သူတို့ရဲ့ ခရီးစဉ်အတွင်း ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ၊ အမေရိကန်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုထားပါတယ်။

အဲဒီကြေညာချက်မှာ မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားတွေအပေါ် ထိုးစစ်ဆင်နေတာတွေ မရပ်သရွေ့ အပစ်အခတ် ရပ်စဲရေးဆိုတာ ဖြစ်လာနိုင်မှာ မဟုတ်သလို အေးချမ်းတည်ငြိမ်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးလည်း ဖြစ်လာဖို့ မလွယ်ကြောင်း၊ တိုင်းရင်းသားတွေဘက်ကတော့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမြဲအဆင်သင့်ရှိနေပြီး နိုင်ငံတကာရဲ့ ပါဝင်ဆောင်ရွက်မှုတွေကနေ အထောက်အကူ ရစေမယ်လို့ ယုံကြည်ကြောင်း စသည်ဖြင့် ဖော်ပြထားပါတယ်။