ထိုင်းနိုင်ငံမှာခိုလှုံနေကြတဲ့ဒုက္ခသည်တွေအတွက် အလုပ်လုပ်ခွင့်နဲ့ ပညာသင်ကြားခွင့်တွေရအောင် ထိုင်းအစိုးရနဲ့ အတူတကွဆောင်ရွက်သွားမယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR အကြီးအကဲ ဖိလစ်ပို ဂရမ်ဒီ (Filippo Grandi) က ပြောလိုက်ပါတယ်။
ဖိလစ်ပို ဂရမ်ဒီရဲ့ သုံးရက်ကြာ ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၁၆ ရက်နေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။
ဒီခရီးစဉ်အတွင်း ဖိလစ်ပိုဂရမ်ဒီဟာ ထိုင်းအစိုးရနဲ့ ဒုက္ခသည်အရေး ဆွေးနွေးခဲ့တဲ့အပြင် ထိုင်းနိုင်ငံ၊ ကန်ချနာပူရီက Tham Hin ဒုက္ခသည်စခန်းကို သွားရောက်ပြီး မြန်မာဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒီဒုက္ခသည်တွေ တတိယနိုင်ငံမှာ အခြေချနိုင်ရေး ကူညီပေးဖို့နဲ့ တတိယနိုင်ငံကို မသွားဘဲ ကျန်ခဲ့တဲ့သူတွေ အတွက်လည်း ဒုက္ခသည်အခွင့်အရေးတွေ ပြည့်ပြည့်ဝဝရရှိဖို့ ထိုင်းအစိုးရနဲ့ လက်တွဲဆောင် ရွက်သွားမယ်လို့ ဖိလစ်ပို ဂရမ်ဒီက ပြောပါတယ်။
ဒါ့အပြင် ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာ ခိုလှုံခွင့်စည်းမျဉ်းစည်းကမ်းတွေ၊ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုရှိစေဖို့ ထိုင်းနိုင်ငံကို UNHCR အနေနဲ့ ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။