ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုကောင်းခန့်နိုင်၊ ကိုအေးမင်းထိုက်၊ ကိုဖြိုးကောင်းထိုက်၊ ကိုဟိန်းထက်ဇော်နဲ့ ကိုသီဟနိုင်တို့ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ဈ)၊ ပုဒ်မ ၅၄ တို့နဲ့ ထောင်ဒဏ်ဆယ်နှစ်စီ ထပ်ချခံခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ပြောပါတယ်။
အဲဒီကျောင်းသား ငါးဦးစလုံးကို ဇူလိုင်လ ၁၀ ရက်နေ့မှာပဲ အခုလို ထပ်တိုးထောင်ဒဏ်တွေ ထပ်ချလိုက်တာလို့ မိသားစုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
ကိုကောင်းခန့်နိုင်၊ ကိုသီဟအောင်၊ ကိုဟိန်းထက်ဇော်နဲ့ ကိုဖြိုးကောင်းထိုက်တို့ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး ဥပဒေပုဒ်မအပြင် အခြားပုဒ်မတွေနဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့မှာပဲ ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံထားရတာပါ။
ကိုအေးမင်းထိုက်ကတော့ ထောင်ဒဏ်ငါးနှစ် ချမှတ်ခံထားရပြီး အားလုံးကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးကနေ ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
ထောင်ဒဏ် ထပ်ချမှတ်ရသူတွေဟာ ၂၀၂၂ ခုနှစ် ဧပြီလမှာ ဖမ်းဆီးခံလိုက်ရတဲ့ အသက် နှစ်ဆယ်ကျော်အရွယ်တွေ ဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် တစ်ဦးကပြောပါတယ်။
"ကိုကောင်းခန့်နိုင်၊ ကိုသီဟအောင်၊ ကိုဟိန်းထက်ဇော်၊ ကိုဖြိုးကောင်းထိုက်တို့က အရင်က ၁၆ နှစ်ချခံထားရတာ။ အခုဆယ်နှစ်ဆိုတော့ စုစုပေါင်း ၂၆ နှစ်ရှိလာပြီပေါ့။ ကိုအေးမင်းထိုက်ကတော့ အရင်က ငါးနှစ် ချခံထားရတာ အခု ဆယ်နှစ်ပေါင်းရင် ၁၅ နှစ်ရှိသွားပြီ။ စွဲဆိုခံထားရတဲ့ပုဒ်မတွေ အကုန်ပြီးပြီလို့ သိထားပါတယ်။ သူတို့အကုန်လုံးကို ရန်ကုန်အရှေ့ပိုင်း တရားရုံးကပဲ ပြစ်ဒဏ်ချမှတ်တာပါ"
ဖမ်းဆီး ခံထောင်ချခံထားရတဲ့ ကျောင်းသားတွေဟာ ကုန်ထုတ်ဓါတုဗေဒ၊ ဥပဒေ၊ မြန်မာစာနဲ့ ဓါတုဗေဒ ဘာသာရပ်တွေကို ဒုတိယနှစ်ကနေ စတုတ္ထနှစ်အထိ တတ်ရောက် သင်ကြားနေသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။
သူတို့ ငါးဦးစလုံး အင်းစိန်ထောင်တွင်းမှာ ပြစ်ဒဏ်ကျခံနေရပြီး လတ်တလော အခြေအနေအရ ကျန်းမာရေး ကောင်းမွန်တယ်လို့ အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့က ပြောပါတယ်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ရဲ့ ကောက်ယူထားတဲ့ အချက်အလက်တွေအရ ဖမ်းဆီးခံထားရတဲ့ သမဂ္ဂအဖွဲ့ဝင် ကျောင်းသူ၊ ကျောင်းသား ၁၆ ဦးရှိပြီလို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက် စာရင်းအရ စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတစ်ဝန်း အရပ်သား ၂၃,၉၈၀ ဦး ဖမ်းဆီးခံထားရပါတယ်။