မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း၂၈၀ ကျော် UNICEF တောင်းခံ
2025.01.02

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)က မြန်မာနိုင်ငံတစ်ဝန်းက ကလေးငယ် သုံးသန်းကျော်ပါဝင်တဲ့ လူပေါင်း ၄ ဒသမ ၁ သန်းကျော်အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၂၈၆ ဒသမ ၄ သန်း တောင်းခံလိုက်ပါတယ်။
ပြင်းထန်လာတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ လူပေါင်း ၃ ဒသမ ၄ သန်းကျော်ဟာ ရာသီဥတုပြောင်းလဲမှုတွေ၊ အရေးပေါ်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေကြားမှာ အခြေအနေဆိုးတွေကို ဆက်လက်ရင်ဆိုင်နေရတယ်လို့ UNICEF က ဆိုပါတယ်။
အထူးသဖြင့် ပဋိပက္ခဒဏ်ခံရပြီး ထိခိုက်လွယ်တဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် အရေးကြီးတဲ့ အသက်ကယ်ဝန်ဆောင်မှုတွေ ရရှိရေး သိသိသာလျော့နည်းလာနေတယ်လို့လည်း ဖော်ပြပါတယ်။
အခု ၂၀၂၅ ခုနှစ်အတွင်း ကလေးငယ် ၆.၄ သန်းပါဝင်တဲ့ လူဦးရေ ၁၉.၉ သန်းလောက်ဟာ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ လိုအပ်လာမယ်လို့ UNICEF က ထောက်ပြပါတယ်။
နိုင်ငံတကာခရစ်ယာန်ဘာသာဝင်များအဖွဲ့ကလည်း စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်ကတည်းက လူသားချင်းစာနာထောက်ထားအကူအညီရရေးအတွက် အခက်အခဲတွေနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံက လူဦးရေ သန်းပေါင်းများစွာဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ရင်ဆိုင်ကြုံတွေ့ရနိုင်တယ်လို့ ပြောထားပါတယ်။
ကရင်နီစစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှ ကလေးငယ်များအား ၂ဝ၂၃ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)