ပြည်ထောင်စုနေ့ အခမ်းအနား NLD ပါတီရုံးချုပ်မှာ ကျင်းပ

တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု မရှိသရွေ့ နိုင်ငံတည်ငြိမ်မှု ရှိမှာမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦး က ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးချုပ်မှာ ကျင်းပတဲ့ နှစ် (၇၀) ပြည့် ပြည်ထောင်စုနေ့အခမ်း နားမှာ နာယက သူရဦးတင်ဦး က ပြောခဲ့တာဖြစ်ပါတယ်။

"တကယ့်ကိုအောင်မြင်အောင် ကြိုးစားရတဲ့ကိစ္စဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသား အားလုံးနဲ့ တကွ တစ်ပြည်လုံးရှိ တိုင်းရင်းသားအကုန်လုံးပေါ့၊ စည်းလုံညီညွတ်မှု မရသမျှကာလပတ်လုံး၊ အချင်းချင်း ယုံကြည်မှု မရသမျှကာလပတ်လုံး ကျနော်တို့နိုင်ငံဟာ မတည်ငြိမ်နိုင်ပါဘူး"

နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားတွေရဲ့ သဘောထား အမြင်တွေ မတူတာကို အသိအမှတ်ပြုပြီး အဲဒီ မတူညီမှုတွေကို စုစည်းညီညွတ်တဲ့ အင်အားအဖြစ် ပြောင်းလဲ စွမ်းဆောင်သွားမယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အုတ်မြစ်ချခဲ့တဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို ဆောင်ရွက်သွားမယ် လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ နိုင်ငံခြားသံတမန်တွေနဲ့ တိုင်းရင်းသား ပါတီတချို့က အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။