တက္ကသိုလ်ကျောင်းတွေမှာ နိုင်ငံရေးဟောပြောတာတွေ မလုပ်ဖို့ တားမြစ်ချက်ကို ပယ်ဖျက်ကြောင်း ကြေညာ


2018.06.02
kayah-university-622.jpg ကယားပြည်နယ် လွိုင်ကော်မြို့က နည်းပညာတက္ကသိုလ်ကို တွေ့ရစဉ်
Photo: RFA

တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းတွေမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေ ကျင်းပခွင့်မပြုကြောင်း ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့စွဲနဲ့ ထုတ်ထားတဲ့ ကြေညာချက်ကို ပယ်ဖျက်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနက ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေမှာ ဘာသာရပ်ဆိုင်ရာစာတမ်းဖတ်ပွဲတွေ၊ ဟောပြော ပွဲတွေ၊ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ ကျင်းပတာကို အားပေးကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေဆိုရင်တော့ ကျင်းပဖို့ ခွင့်မပြုကြောင်းလည်း ပါရှိတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ ညွှန်ကြားချက်မှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေက ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေကျင်းပဖို့ရှိရင် ဆွေးနွေးပွဲ၊ ဟောပြောပွဲတွေ ကျင်းပမယ့် ခေါင်းစဉ်နဲ့ လာရောက်ဟောပြောမယ့်သူရဲ့ အမည်၊ ကိုယ်ရေးအကျဉ်း၊ ဖိတ်ကြားမယ့်သူ၊ တက်ရောက် မယ့်လူဦးရေ စတဲ့အချက်အလက်တွေကိုပါ  သက်ဆိုင်ရာ ပါမောက္ခချုပ်၊ ကျောင်းအုပ်တွေအပြင် အဆင့်မြင့်ပညာ ဦးစီးဌာနကိုပါအသိပေးပြီး သဘောထားမှတ်ချက် ရယူဆောင်ရွက်ဖို့ ပါဝင်ပါတယ်။

အဲဒီညွှန်ကြားချက်အပေါ် ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းတွေ၊ တက္ကသိုလ်ဆရာ/ဆရာမအသင်းများ ကိုယ်စားပြု ကော်မတီက ကန့်ကွက်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့သလို လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကလည်း ပညာရေးဝန်ကြီးဌာနကို ဝေဖန်မှုတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ တာဖြစ်ပါတယ်။

အဲဒီနောက် မေလ ၂၈ ရက်နေ့စွဲနဲ့ ပညာရေးဝန်ကြီးကိုယ်စား ဒုတိယအမြဲတမ်းအတွင်းဝန် လက်မှတ်နဲ့ ညွှန်ကြား ချက်တစ်စောင် ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

အဲဒီညွှန်ကြားချက်မှာတော့ တက္ကသိုလ် ဒီဂရီကောလိပ်တွေအတွင်း ဟောပြောပို့ချမယ့် အကြောင်းအရာပါ ကိစ္စတွေနဲ့ဆက်နွယ်မှုမရှိတဲ့ အကြောင်းအရာတွေကို ဟောပြောပို့ချတာ မလုပ်ဖို့ဆိုပြီး ပါရှိတာဖြစ်ပါတယ်။

ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ညွှန်ကြားချက်မှာတော့ မေလ ၂၁ ရက်နေ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ကို ပယ်ဖျက်ကြောင်း ကြေညာတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။