သူရိယအလင်းဂျာနယ်တိုက် ကွန်ပျူတာတွေ ယူဆောင်ခံရ

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ သူရိယအလင်း အပတ်စဉ်ထုတ် ဂျာနယ်တိုက်ရုံးခန်းကို မနေ့ည သန်းခေါင်ကျော်အချိန်မှာ လူ ၁၅ ဦး ဝင်ရောက်ခဲ့ပြီး ရုံးခန်းထဲမှာရှိတဲ့ ကွန်ပျူတာ ၁၄လုံး နဲ့ ရာနဲ့ချီတဲ့ သူရိယအလင်းဂျာနယ်တွေကို ယူဆောင်သွားတယ်လို့ သူရိယအလင်းဂျာနယ် C.E.O ဦးမိုးဟိန်းက ပြောပါတယ်။

မနေ့ညက သူရိယအလင်းဂျာနယ်တိုက်ရုံးခန်းမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဒီကနေ့ သူရိယအလင်း ဂျာနယ်တိုက်ရုံးခန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျာနယ်ရဲ့ CEO ဦးမိုးဟိန်းက အခုလိုပြောခဲ့ပါတယ်။

“မနေ့ည သန်းခေါင် ၁၂ နာရီလောက်က ကျနော်တို့ရုံးအရှေ့ကို ကားအကောင်းစား အမဲကြီးတွေ ၆ စင်း ထိုးစိုက်လာတယ်၊ ကျနော်တို့ရုံးကို တံခါးဖွင့်ခိုင်းတယ်၊ တာဝန်ကျလုံခြုံရေးမှူးကမဖွင့်ဘူး၊ မဖွင့်တဲ့အတွက် ဟိုဘက်တစ်ပေါက်ကသော့ကို ကျနော်တို့ဆီကဝန်ထမ်းတစ်ယောက်ကို ဖွင့်ခိုင်းတယ်၊ ကြည့်လိုက်တော့ ကျနော်တို့ဒီကိုဝင်ဖို့ ပတ်သက်နေတဲ့တစ်ယောက် ဖြစ်နေတဲ့အခါကျတော့ ဖွင့်ပေးလိုက်တယ်၊ ဖွင့်လည်းဖွင့်ပြီးရော ၁၅ ယောက်လောက်က အနောက်ကနေဝုန်းကနဲဆို လိုက်ဝင်ချလာပြီးတော့ ပထမဆုံးလုံခြုံရေး CCTV ကို စက္ကူနဲ့အုပ်ပြီးတော့ ကျနော်တို့ကွန်ပျူတွေအကုန်လုံး Disk တွေ၊ Box တွေ အကုန်ဖြုတ်သွားတယ်၊ အားလုံးပေါင်း ၁၄ လုံး”

မနေ့ညက ဝင်ရောက်ခဲ့သူတွေထဲမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ရဲ့သား ဦးသူရိန်ဝင်းမြင့် ပါဝင်ခဲ့တယ်လို့ သူရိယအလင်း C.E.O ဦးမိုးဟိန်းက အတည်ပြုပြောဆိုပါတယ်။

အဲဒီ လူ ၁၅ ဦးနဲ့အတူ လိုက်ပါလာသူထဲမှာ ဖိုးလပြည့် ဆိုတဲ့အမည်နဲ့ လူတစ်ယောက်လည်းပါပြီး၊ သူကတော့ ဂျာနယ်တိုက်ရုံးခန်းအပြင်ဘက်မှာ ရပ်စောင့်နေတယ်လို့လည်း ဦးမိုးဟိန်းကပြောပါတယ်။ ဒါပေမဲ့ အဲဒီလူဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့မြေး ဖိုးလပြည့် ခေါ် ကိုနေရွှေသွေးအောင် ဟုတ်မဟုတ်ဆိုတာကိုတော့ သတင်းစာရှင်းလင်းပွဲမှာ မပြောဆိုခဲ့ပါဘူး။

မနေ့က ထုတ်ဝေခဲ့တဲ့ သူရိယအလင်းဂျာနယ်မှာ "မော်စကိုမှာ သာတဲ့လ ၊ ခရိုနီကြီးများရဲ့ နောက်ကွယ်က အရှုပ်တော်ပုံ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်စောင်ဖေါ်ပြခဲ့ပါတယ်။ ဂျာနယ်တိုက်ကို ဝင်ရောက်ခဲ့သူတွေဟာ အဲဒီဆောင်းပါးပါ သူရိယအလင်းဂျာနယ် လက်ကျန်စောင်ရေ ၇၀၀ ကျော်ကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

မနေ့ညက သူရိယအလင်းဂျာနယ်တိုက်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ သက်ဆိုင်ရာရဲစခန်းကို အကြောင်းမကြားသေးတဲ့အပြင်၊ တရားစွဲဆိုဖို့ သင့်မသင့်ကိုလည်း ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်လို့ ဦးမိုးဟိန်းက ပြောပါတယ်။

သူရိယအလင်းဂျာနယ်ရဲ့ ထုတ်ဝေခွင့်ပိုင်ရှင်ဟာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကဖြစ်တယ်လို့ စာပေအသိုင်းအဝိုင်းက ပြောဆိုပါတယ်။ အခုလို ဖြစ်ပွားခဲ့တဲ့ကိစ္စဟာလည်း ဆောင်းပါးကိစ္စကြောင့်လို့ ယူဆကြတာရှိသလို၊ ဂျာနယ်ထုတ်ဝေခွင့်ကိစ္စကြောင့်လို့ ပြောဆိုတာတွေလည်း ထွက်ပေါ်နေပါတယ်။