တော်လှန်နယ်မြေထဲကတရုတ်စီမံကိန်းများနှင့် စစ်တပ်ခန့်အစိုးရ

တော်လှန်ရေးအဖွဲ့တွေကလည်း သူတို့အကျိုးစီးပွားအတွက် တရုတ်နဲ့ပတ်သက်ချင်နေပုံရတယ်လို့ နိုင်ငံရေး လေ့လာသူကပြောပါတယ်။

တရုတ်အစိုးရရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) ထဲက တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်ရေးကို မြှင့်တင်သွားဖို့ နေပြည်တော်ကိုသွားခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်တို့ ဧပြီလ ၂၅ ရက်နေ့ကတွေ့ဆုံတဲ့အချိန်မှာဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ် သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ကနေအသွင်ပြောင်းလိုက်တဲ့အစိုးရက တရုတ်အတွက်တကယ်အလုပ်လုပ်ပေးနိုင်မလား။ နယ်မြေတော်တော်များများကို တော်လှန်ရေးအင်အားစုတွေထိမ်းချုပ်ထားတဲ့အတွက် စစ်တပ်ကအပြည့်အဝ တာဝန်ယူနိုင်မှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်အစိုးရအဖွဲ့ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က RFA ကို ပြောပါတယ်။

“တရုတ်နိုင်ငံမှမဟုတ်ပါဘူး နိုင်ငံတွေရဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဟာ စစ်တပ်တစ်ခုထဲကပဲ ထိန်းချုပ်ထားတာ မဟုတ်ဘူး။ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း ရှိနေသလို ဒီစီမံကိန်းတွေရဲ့ လုံခြုံရေးကို စစ်တပ်ကလုံးဝကို တာဝန်ယူနိုင်တဲ့အခြေအနေမရှိဘူးဆိုတာမျိုးပေါ့။ ဒါကိုတော့ မှန်မှန်ကန်ကန် လက်တွေ့ကျကျသုံးသပ်နိုင်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်”

ရခိုင်ပြည်နယ်မှာဆိုရင်လည်း တရုတ်အစိုးရအနေနဲ့ အာရက္ခတပ်တော်ကိုချန်ခဲ့လို့ မရနိုင်တဲ့အခြေအနေရောက်နေပြီလို့ ရခိုင်နိုင်ငံရေးသမား ဦးဝေဟင်အောင်က RFA ကို ပြောပါတယ်။

" တရုတ်အနေနဲ့ အရင်တုန်းက AA ကိုအသိအမှတ်ပြုတာဖြစ်ဖြစ် မပြုတာဖြစ်ဖြစ် ဒါပေမဲ့ AA နဲ့ စကားမပြော လို့မရတော့တဲ့ အခင်းအကျင်းမျိုးကိုလက်ရှိရောက်သွားတဲ့အတွက် ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ဖြစ်ဖြစ် သဘာဝဓာတ်ငွေ့ကိုဖြစ်ဖြစ် သူတို့စတင်ဖို့ဆိုရင် အာရက္ခတပ်တော်နဲ့ သူတို့နဲ့ကြားမှာ မပြောဆိုလို့ မရဘူး၊ ပြောကိုပြောရမဲ့အပိုင်းတစ်ခုအနေနဲ့ ရောက်ရှိသွားတယ်"

တော်လှန်ရေးအဖွဲ့တွေနဲ့ပါ တရုတ်ကဆွေးနွေးမယ်ဆိုရင် စစ်တပ်ကလက်ခံနိုင်မှာမဟုတ်ဘူးလို့ စစ်တပ်အရာရှိဟောင်း ဒေါက်တာအောင်မျိုးက RFA ကိုပြောပါတယ်။

" အဲဒီလိုလုပ်တာကိုခွင့်ပြုမယ်ဆိုရင်တော့ ပြည်သူတွေရော၊ အမျိုးသားရေးသမားတွေရော တပ်မတော်ကရော အကုန်လုံးပေါ့နော်။ အစိုးရကလည်း ဒါကဖွဲ့စည်းပုံအခြေခံဥပဒေအရဒါမဖြစ်နိုင်ဘူးဆိုပြီး လိပ်ခဲတည်းလည်း ဖြစ်နေမယ့်အနေအထားရှိတယ်"

တော်လှန်ရေးအဖွဲ့တွေကလည်း သူတို့အကျိုးစီးပွားအတွက် တရုတ်နဲ့ပတ်သက်ချင်နေပုံရတယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုး က RFA ကိုပြောပါတယ်။

“များသောအားဖြင့် အခု အဖွဲ့တွေစဉ်းစားနေကြတာ တရုတ်ရဲ့ ပရောဂျတ် တရုတ်နဲ့ ညှိလို့နှိုင်းလို့ ရစရာဖြစ်မဲ့ advantage (အကျိုးအမြတ်) သဘောမျိုးအဖြစ်ကိုင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တရုတ်နဲ့ ထိတွေ့ ဆက်ဆံဖို့ ဆန္ဒရှိနေတဲ့သဘောမျိုးရှိနေတာတွေ့ရတယ်။ အဲအတွက်ကြောင့် တရုတ်ကဒီပရောဂျတ်ကို လုပ်ချင်တယ်ဆိုရင် အဲအဖွဲ့တွေနဲ့လုံးဝမတွေ့လို့ မရဘူး”

ဒီရက်ပိုင်းမှာပဲ စစ်ခေါင်းဆောင်ဟောင်း သမ္မတဦးမင်းအောင်လှိုင်က လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကြီးစိုးထားတဲ့ မြို့နယ် ၆၀ ကိုအရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ အဲဒီမြို့နယ်တွေမှာ အများစုက တရုတ်စီမံကိန်းတွေနဲ့ပတ်သက်တဲ့နေရာတွေလည်းဖြစ်နေပါတယ်။

ဒါကြောင့်အဲဒီမြို့နယ်တွေမှာ စစ်တပ်က အချိန်မရွေးထိုးစစ်လုပ်လာနိုင်တဲ့အခြေအနေဖြစ်သလို စစ်တပ်ရဲ့ တောင်းဆိုမှုတွေကိုလိုက်လျောဖို့ အဖွဲ့တွေကိုခြိမ်းခြောက်တဲ့သဘောလည်းဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။