ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံနယ်စပ်ကနေ လှေနဲ့ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ၉ဝ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ ကုလသမဂ္ဂရဲ့ စာရင်းတွေကို ကိုးကားပြီး Save the Children က ပြောလိုက်ပါတယ်။
UNHCR စာရင်းတွေအရ အခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ပင်လယ်ခရီးကို ထွက်ခွာလာသူ ၂,၉ဝ၇ ဦးရှိပြီး ပြီးခဲ့တဲ့နှစ်မှာတော့ အလားတူကာလအတွင်း ၁,၅၁၇ ဦးသာ ရှိခဲ့ပါတယ်။
Save the Children ရဲ့ တာဝန်ရှိသူ Golam Mostofa က ကလေးတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေဟာ မလုံခြုံမှုတွေ မြင့်တက်လာတဲ့အခြေအနေအပြင် အကူအညီမလုံလောက်တဲ့အခက်အခဲတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ ကြေညာချက်မှာပြောထားပါတယ်။ ဒါ့အပြင် သူတို့ဟာ အသက်အန္တရာယ်ကို စွန့်စားပြီး လှေနဲ့ထွက်ခွာတဲ့ နည်းလမ်းကလွဲပြီး တခြားနည်းလမ်းမရှိဘူးလို့ ခံစားနေရကြောင်းလည်း Golam Mostofa က ပြောထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားအခြေစိုက် United Council Rohingya (UCR) ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်က ပင်လယ်ခရီးနဲ့ပတ်သက်ပြီး အန္တရာယ်များတဲ့အကြောင်း အသိပညာပေးတဲ့အစီအစဉ်တွေ ရှိပေမဲ့ ဒုက္ခသည်စခန်းတွေမှာ အနာဂတ်မရှိ၊ တရားဝင် ပညာသင်နိုင်တဲ့အခွင့်အရေးမရှိသလို နေရပ်ပြန်နိုင်မယ့် တိကျတဲ့အလားအလာတွေလည်း မရှိတာကြောင့် အသက်အန္တရာယ်စွန့်စားပြီး အခုလိုထွက်ခွာကြတာလို့ AFP ကို ပြောထားပါတယ်။
UNHCR စာရင်းတွေအရ ပြီးခဲ့တဲ့နှစ်ဟာ ပင်လယ်ကနေ ထွက်ပြေးတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ သေဆုံးမှု အဆိုးဆုံးနှစ်ဖြစ်ပြီး အခုနှစ်မှာလည်း သေဆုံးမှုတွေ မြင့်တက်နေတယ်လို့ ဖော်ပြထားပါတယ်။
၂ဝ၂၅ ခုနှစ်အတွင်း ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ သေဆုံးသူနဲ့ ပျောက်ဆုံးသူ ရိုဟင်ဂျာဒုက္ခသည် ၉ဝဝ နီးပါး ရှိခဲ့ပါတယ်။
ငွေကြေးကျပ်တည်းမှုတွေကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ၁ ဒဿမ ၂သန်းထဲက အများစုအတွက် အကူအညီတွေကို လျှော့ချထားပါတယ်။
ဒီလိုအထောက်အပံ့တွေ လျှော့ချခံထားရတာကြောင့် ရိုဟင်ဂျာဒုက္ခသည် ကလေးဦးရေ ငါးသိန်း ထိခိုက်ခံစားနေရတယ်လို့ Save the Children က ပြောထားပါတယ်။
အကူအညီတွေ လျှော့ချခံထားရတာကြောင့် စားနပ်ရိက္ခာ မလုံလောက်တဲ့အတွက် ဒုက္ခသည်တွေဟာ အန္တရာယ်ရှိတဲ့ ပင်လယ်ခရီးကို သွားဖို့ ကြိုးစားကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
